၂၀.၃.၂၀၂၄
Translated by Htwe Ko Tun
ပြည်ပနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အများအပြားသွားရောက်လုပ်ကိုင်နေကြသော ပြည်ပရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအနက် ပြည်ပနိုင်ငံများ၌ သေဆုံးမှုများကြောင့် ပြန်လည်ရောက်ရှိလာသော ၎င်းတို့အလောင်းများကို တစ်ရက်လျှင် ဆယ်လောင်းခန့်အထိ ပြန်လည်ဆေးစစ်ဆေးမှု ပြုနေရကြောင်း သိရသည်။
ကူရီဂရမ်ခရိုင်မှ အသက် ၂၈ နှစ်ရှိ အာမက်ရိုဘီဆိုလျှင် ဒူဘိုင်းသို့ အလုပ်ရရန်ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်တွင် ထွက်ခွာသွားရာမှ ဒူဘိုင်းသို့ရောက်၍ တစ်လအကြာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက အိပ်နေစဉ် သေဆုံးခဲ့သည်။ ဆရာဝန်ဆေးစစ်ဆေးချက်အရ နှလုံးရောဂါကြောင့် သေဆုံးရမှုဟုသိရပြီး ၎င်း၏ခန္ဓာကိုယ်အလောင်းက လေးလခွဲအကြာတွင်မှ ဘင်္ဂလားဒေ့ရှ်သို့ပြန်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်တွင် မြေမြုပ်သင်္ဂြိုဟ်ခဲ့ရသည်။
အလားတူဖြစ်ရပ်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း၌ပင် ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများ၏ အလောင်း ၄,၅၅၂ လောင်း ပြည်ပမှ အမိနိုင်ငံသို့ပြန်ရောက်လာသည်အထိရှိခဲ့ရာ ကြောက်ရွံ့ထိတ်လန့်ဖွယ် စံချိန်တင်မြင့်မားခဲ့သည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ငါးနှစ်တာကာလအတွင်း စုစုပေါင်း ပြည်ပရောက်ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမား ၁၉,၃၂၇ ဦး၏ သေဆုံးပြီးအလောင်းများ ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရောက်လာခဲ့ကြောင်း သိရသည်။ ပြည်ပရောက်အလုပ်သမားများအတွက် လူမှုဖူလုံရေးဆိုင်ရာဆောင်ရွက်ပေးမှုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒီဘာဘရာတာ ဂို့ရှ်က ထိုသို့ပြန်လည်ရောက်ရှိလာမှုက တစ်နေ့လျှင် ပျမ်းမျှ ရှစ်လောင်းမှ ဆယ်လောင်းခန့်အထိရှိသည်ဟုပင် ပြောခဲ့သည်။
ထိုသို့ သေဆုံးရသူအများစုက အဓိကအားဖြင့် လူလတ်ပိုင်းနှင့်လူငယ်ပိုင်းများတွင်တွေ့ရသော ဦးဏှောက် သွေးယိုစီးမှုကြောင့်ဖြစ်ကြောင်း တွေ့ကြရသည်။ သို့သော် အခြားသော အကြောင်းရပ်များဖြစ်သည့် နှလုံးရောဂါဒဏ်၊ လုပ်ငန်းခွင်နှင့်ဆက်စပ်နေသောမတော်တဆမှုများ၊ ယာဉ်မတော်တဆမှုများ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများနှင့် လူသတ်မှုများကြောင့် သေဆုံးရသူများလည်း ရှိလာသည်ကိုတွေ့နေရသည်။
ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမားအများအပြားဆိုလျှင် ပြည်ပ၌ပင် မြုပ်နှံသင်္ဂြိုဟ်ခဲ့ကြရသည်။ အလားတူပင် သေဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ်သို့ပြန်လည်သယ်ယူပို့ဆောင်ရန် အခြားသောအခက်အခဲ အတားအဆီးများကြောင့်လည်း အချို့ဆိုလျှင် ပြည်ပနိုင်ငံများ၌ပင် မြှုပ်နှံခဲ့ကြရသည်။
ဒက်ကာမြို့ Brac တက္ကသိုလ်မှ ရွှေ့ပြောင်းလုပ်ကိုင်မှုဆိုင်ရာပညာရှင် လက်ထောက်ပါမောက္ခ ဒေါက်တာ ဆိုးပစ် ချန်ဒါ ဂျွီုင်ဒစ် က အရှေ့အလယ်ပိုင်းသို့သွားရောက်လုပ်ကိုင်ကြသော ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ပြောခဲ့ရာ၌ “ဘာသာရပ်ကျွမ်းကျင်မတတ်မြောက်ကြတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေအဖို့ တကယ့်အပူချိန်များတဲ့ အန္တရာယ်များတဲ့ အလုပ်ခွင်ပတ်ဝန်းကျင်မှာ စွန့်စွန့်စားစားလုပ်ကြရတယ်။ တစ်ဖက်မှာလည်း လူသားမဆန်တဲ့ခိုင်းစေမှုမျိုးကြုံရတတ်ပြီး တစ်နေ့ကို ၁၂ နာရီမှ ၁၈ နာရီအထိ အလုပ်လုပ်ကြရတယ်။ သန့်ရှင်းမှုမရှိတဲ့ပတ်ဝန်းကျင်မှာလည်း နေကြရပြီး ဆွေမျိုးမိသားစုတွေနဲ့လည်း အကြာကြီးခွဲနေကြရတာဖြစ်တယ်။ ဒီတော့ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းထိခိုက်မှုတွေရော ၊ စိတ်ပိုင်းဆိုင်ရာဖိအားတွေကပါ သူတို့ကို ကြာလာတော့ လေဖြတ်တာမျိုး၊ နှလုံးရောဂါ ခံစားရတာမျိုးတွေဖြစ်လာစေတာပဲ” ဟု ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဆေးပညာအသင်း၏ ဥက္ကဋ္ဌဟောင်း ဒဒေါက်တာရာရှစ်ကလည်း ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်း အလုပ်သမားများအကြား ထိုကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ရပ်များ လျော့ကျစေရန်အတွက် ၎င်းတို့အနေဖြင့် ပြည်ပသို့မထွက်ခွာမီ ဆေးဘက်ဆိုင်ရာအကြံပြုချက်များရယူကာ မိမိတို့၏နေထိုင်မှုဘဝများကိုလည်း ပြည်ပတွင်နေထိုင်စဉ် သတိရှိကြစေလိုကြောင်း ပြောခဲ့သည်။
Ref -Dhaka Tribune