၂၀. ၃. ၂၀၂၄
Written by Thettant
ထိုင်းဘုရင့်ဖလားချန်ပီယံဆု နှစ်ကြိမ်ဆက်တိုက်ရရှိထားသလို ထိုင်းနိုင်ငံမှာ အောင်မြင်နေတဲ့ မြန်မာဖိုက်တာဘရော်နီကာလိုမျိုး မွေထိုင်းလက်ဝှေ့စင်မြင်ပေါ် မြန်မာအမျိုးသမီးဖိုက်တာ မေသဇင်ထူးကို မတ်လ ၂၈ ရက်မှာ Patong Boxing Stadium မှာ ထိုးသတ်မှု တွေ့မြင်ရတော့မှာပါ။
၅၂ ကီလိုတန်း အမျိုးသမီးပွဲစဥ်မှာ မေသဇင်ထူးဟာ ၂၀၁၇ ပြည်နယ်/တိုင်း ရွှေတံဆိပ်ဆုရှင်ဖြစ်ခဲ့ပြီး ၂၀၁၈ မှာ လင်းယုန်မေနဲ့သရေပွဲ။ ၂၀၁၉ ကယားပြည်နယ်နေ့မှာ သောနေထူးနဲ့သရေပွဲ။ ၂၀၁၉ ရွှေခါးပတ်ပြိုင်ပွဲဆီမီးမှာ စိန်တပွင့်ကို နိုင်ပေမယ့် ဖိုင်နယ်မှာ ရွှေကိုလေးကို ရှုံးပြီး ဒုတိယရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လတုန်းက လာအို(ရွှေတြိဂံဒေသ)မှာ ရှောင်စစ်မေ့ (ထိုင်း) ကို အမှတ်နဲ့အနိုင်ရခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကလည်း ထိုင်းမြေအဖွင့်ပွဲအဖြစ် Bangla Boxing Stadium မှာ အဖွင့်ပွဲအဖြစ် ခါးပတ်လုပွဲနွှဲရာမှာ ၄ ချီမြောက်တင် Knockoun နဲ့ နိုင်ခဲ့ပါသေးတယ်။ ဒီလိုရိုးရာလက်ဝှေ့ပွဲအတွေ့ကြုံများစွာရှိထားပြီး ထိုင်းဖိုက်တာတွေလည်း နိုင်ထားဖူး ဘောက်ဆင်နဲ့တိုက်ကွမ်ဒိုမှာလည်း အဆင့်တခုရှိထားတဲ့ မေသဇင်ထူးဟာ မြန်မာ့ကယန်းကျားသစ်မယ်လို ဘယ်လောက်အစွယ်ချွန်လာမလဲစောင့်ကြည့်ချင်စရာကောင်းလှပါတယ်။
မေသဇင်ထူးဟာ မွေထိုင်းဖိုက်တာမယ် Stang Petch နဲ့ ထိုးသတ်ရမှာဖြစ်ပြီး Stang Petch နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကတော့ WBC Muaythai Record ထဲမှာတောင်မှ အနီးစပ်ဆုံးဖြစ်တဲ့ Lt.Flyweight၊ Flyweight နဲ့ Super Flyweight တန်းတွေမှာတောင်မှ ရှာမတွေ့တဲ့ လူသစ်တန်းဖြစ်လို့ မေသဇင်ထူးအတွက် အဖွင့်ပွဲဟာ ခက်ခဲဖို့တော့ရှိမယ်မထင်ပါဘူး။
လာမယ့် မတ်လ ၂၈ ရက် ကြာသပတေးနေ့ည Patong Boxing Stadium မှာ ပြုလုပ်မယ့် မွေထိုင်းပြိုင်ပွဲမှာ မေသဇင်ထူးရဲ့ ပွဲအပြင် ပူပူနွေးနွေး မွေထိုင်းခါးပတ်ချန်ပီယံ လှဝင်းစိန် (ခ) စောထူးအောင်နဲ့ One Championship မှာ ထိုးခဲ့ဖူးတဲ့ ရုရှားမွေထိုင်းဖိုက်တာ Sharif Mazuriev တို့ဟာ (၅)ချီစိန်ခေါ်ပွဲ အနေနဲ့ ထိုးသတ်ကြမှာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာ့မြေမှာ ဖျော်ဖြေရေးပွဲတွေ၊ ထိုးသတ်ပွဲတွေ နည်းလာသလို ထိုင်းမြေမှာတစ်ခါနိုင်လိုက်ရင် မြန်မာ့မြေမှာတစ်နှစ်စာနိုင်ပွဲရှာနိုင်မှ ရသလိုမျိုးဆုကြေးရတာမို့ မြန်မာ့ရိုးရာကျားတွေ အိမ်ကွင်းကိုစွန့်ပြီး ထိုင်းနဲ့ ခမာမြေကိုထိုးဖောက်ရာမှာ ထိုင်းမြေကပွဲတွေ အခြေတင့်ပေမဲ့ ခမာမြေမှာတော့ မာန်မဝင့်နိုင်သေးတာလည်း တွေ့ရပေမဲ့ မကြာခင်မှာတွေ့မလားဆိုတာတော့ …..။