၉ – ၁၂ – ၂-၀၂၂
Written By Naddy
ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “အသည်းကွဲပီယဆေး “ဇာတ်လမ်းတွဲကို Mahar Application မှ ဒီဇင်ဘာလအတွင်း ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က ဒီဇာတ်ကားမှာ ကြည်မောင်ဆိုတဲ့ တစ်ယောက်နေရာက သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ အခက်အခဲတွေကတော့ ဒီကားမှာ မရှိပါဘူး။ သေချာစိတ်နှစ်ပြီး ရိုက်ထားပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ သူတွေကလည်း အရင်ကတည်းက အပြင်မှာ ရင်းနှီးပြီးသားသူတွေ ဖြစ်တယ်။ ကိုယ်တိုင်ကလည်း ဒီဇာတ်ကား ကာရိုက်တာကို ကြိုက်နှစ်သက် လို့ လက်ခံရိုက်ကူးဖြစ်တာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးပါ” ဟု သရုပ်ဆောင်အောင်မင်းခန့်က ပြော သည်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်းနှင့် ဇာတ်ညွှန်း ဒီဒီထက်အောင်၊ ဒါရိုက်တာသားကြီးက ရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြသော အောင်မင်းခန့်၊ တေဇလင်းရောင်၊ ထွန်းပုလဲရတနာ၊ ကေကေဖြိုး၊ ဂျီဂျီး၊ ဇော်၀င်းနိုင်၊ ဖိုးသဲ၊ ဒဲ့ဒိုး၊ မိုးတိမ်၊ မောင်ကင်း၊ ပေသီး၊ အာလူး၊ ဝမ်းဒိုး၊ ခရစ္စတိုဖာဝင်း၊ တင်ဇာဝင်းပြည့်၊ အေးသီတာ၊ ပိုးဂျူလိုင်ထွန်းတို့ ပါဝင်သရုပ်ဆောင် ထားကြသည်။
“ကြည်မောင်က အချစ်ကံခေစွာနဲ့ တစ်ယောက်မှပြန်မကြိုက်ခဲ့ဘူး။ ဘူကောင်စင်ဂယ် စစ်စစ်ပါ။ ဒါပေမယ့် ယောက်ျားသားတွေဟာ ချစ်တယ်ဆိုတိုင်း တကယ်ချစ်ကြတာ မဟုတ်ခဲ့ပါဘူး။ သူ့ဘဝမှာ တကယ်ရင်ခုန်စွာနဲ့ ပြောခဲ့တဲ့မိန်းကလေးကတော့ သူငယ်ချင်းဖြစ်သူ “မိုးမြင့်ဖြူ”ပါ။ မြင်အပ်မမြင်အပ်သူတွေရဲ့ အကူအညီနဲ့ သန်းခေါင်ယံအချိန်မှာ စီမံဖော်စပ်မယ့်”ပီယဆေး” ပါ။ လူခြေတိတ်ချိန်မှာ လူသေအလောင်းကို သနပ်ခါးလိမ်းပေးပြီး ပီယဆေးဖော်ဖို့ ကြိုးစားနေရင်းက ပရလောကစည်းပေါက်သွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ မကြာခင်ထုတ်လွှင့်ရင် သိရမှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။