October 30, 2024

လေအားလျှပ်စစ်စီမံကိန်း ပုံစံငယ်ကို တွေ့ရစဥ်

၉. ၁၂.၂၀၂၂

Written By Myo Khine

ရခိုင်ပြည်နယ်တွင် ကီလိုဝပ် ၃၀ ထုတ်မည့် လေအားလျှပ်စစ်စီမံကိန်းတစ်ခု ၂ နှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ လေအားလျှပ်စစ် စီမံကိန်းတစ်ခုလုပ်ဆောင်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Power China ကုမ္ပဏီက လေအားလျှပ်စစ်စီမံကိန်းအကြောင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ဒီဇင်ဘာ ၅ ရက်တွင် မိတ်ဆက်တင်ပြခဲ့ကြောင်းလည်း သိရသည်။

လက်ရှိ လုပ်ဆောင်နေသော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအတွက် လျှပ်စစ်လိုအပ်ချက်များနေမည် ဖြစ်သောကြောင့်တစ်ကြောင်း၊ အခြေခံအဆောက်အအုံများ လိုအပ်ချက်ရှိနေခြင်းက တစ်ကြောင်းတို့ကြောင့် ယင်းစီမံကိန်းကို လုပ်ဆောင်ပါက ဒေသတွင်းအထောက်အကူများစွာ ရရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိ သူ ဥပဒေချုပ် ဦးလှသိန်းက MT News သို့ ပြောသည်။

စီမံကိန်းတည်ဆောက်ရန် ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study)ကို ကုန်းတွင်းနှင့် ကမ်းလွန် (Offshore and onshore)တွင် တစ်နှစ်ကြာ ပြုလုပ်မည်ဖြစ်ပြီး အတည်တကျ နေရာသတ်မှတ်ပြီးပါက တည်ဆောက်ချိန်ကို တစ်နှစ် သတ်မှတ်ထားကြောင်း၊ ယင်းကြောင့် စီမံကိန်း ကာလမှာ ၂ နှစ် ကြာမည် ဖြစ်ကြောင်း သိရသည်။

“POWER CHINA COMPANY ရဲ့ အောက်က လုပ်ငန်းပေါ့ ။ အစိုးရအဖွဲ့နဲ့ Call တွေ့တယ်။ သူတို့က ရခိုင်ပြည်နယ်မှာ လေအားလျှပ်စစ်ထုတ်ဖို့အတွက် Feasibility Study ဖြစ်နိုင်ခြေလေ့လာဖို့အတွက် တင်ပြတာဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ တင်ပြပြီးဖြစ်ပါတယ်။ ပြည်ထောင်စုကနေ ပြည်နယ်အစိုးရက သဘောတူတယ် မတူဘူး မေးလာရင် ကျွန်တော်တို့က အကြောင်းပြန်ရမယ်။ ဒါကြောင့် ပြည်နယ်အစိုးရအနေနဲ့ ဒီလေအားလျှပ်စစ်အတွက် ဘယ်လိုလုပ်ထားတယ်ဆိုတာကို သိအောင်လာရှင်းပြတာ ဖြစ်တယ်။ အဲဒီမှာ Offshore နဲ့ Onshore ကိစ္စတွေကို ရှင်းပြတယ်။ Offshore ကတော့ ကမ်းခြေက မြေသား ကီလိုမီတာ ၆ ကီလိုမီတာလောက်မှာလုပ်မှာ ဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ဘိုးပိုင်စနစ်နဲ့ လေအားလျှပ်စစ်အတွက် စင်ဆောက်တာတို့ ဘာတို့ လုပ်ပြီးတော့မှ ထုတ်ယူဖို့ ဖြစ်ပါတယ်။ Onshore ကတော့ လေတိုက်အားကောင်းတဲ့နေရာ ကုန်းပေါ်မှာပဲ ဆောက်မယ်ဆိုပြီးတော့ ပြောပါတယ်။ သူတို့က ဗီယက်နမ်နိုင်ငံမှာ ကီလိုဝပ် ၈၀ ထုတ်ယူပါတယ်။ လေအားနဲ့။ ဆိုတော့ ကျွန်တော်တို့ဆီမှာလည်း လတ်တလောမှာတော့ ကီလိုဝပ် ၃၀ ထုတ်ဖို့ ရည်ရွယ်ပါတယ်တဲ့။ အဓိကပစ်မှတ်ကတော့ ကျောက်ဖြူ SEZ ဖြစ်ပါတယ်။ကျောက်ဖြူ စက်မှုဇုန်ပေါ်လာရင် လျှပ်စစ်ဓာတ်အားက မဖြစ်မနေ လိုအပ်လာမှာ ဖြစ်တယ်။ လိုအပ်လာတော့ ဒီဈေးကွက်ကို အခြေပြုပြီးတော့ ထုတ်ချင်တယ်ပေါ့နော်။ လေအားလျှပ်စစ်ဖြစ်တဲ့အတွက် သဘာ၀ ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးမှာဖြစ်တဲ့အတွက် သဘာဝညစ်ညမ်းမှု မဖြစ်ပါဘူး။ ဒါလေးကတော့ ကောင်းတယ်ပေါ့နော်။နောက်ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့အပိုင်းမှာကလည်း အစိုးရနဲ့ ဖက်စပ်မဟုတ်ဘူး။ BOT မဟုတ်ဘူး။ သူတို့ဟာ သူတို့ ရင်းနှီးမြှုပ်နှံမယ်။ မြှုပ်နှံပြီးတော့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ လျှပ်စစ်ဓာတ်အား ရောင်းမှာပါ။ ကျောက်ဖြူ SEZ ဖြစ်လာလို့ လျှပ်စစ်လိုတယ်ဆိုလို့ရှိရင် အစိုးရနဲ့ညှိနှိုင်းပြီးရောင်းမယ်။ အခွန်တွေကို ပေးမယ်ဆိုတဲ့ သဘောမျိုး ရှင်းပြခဲ့တယ်။ Feasibility Study ကာလကို တစ်နှစ်၊ တည်ဆောက်ရေးကာလကို တစ်နှစ် အချိန်ယူရမယ်လို့ ပြောတယ်။ အခုက Feasibility Study အတွက် ကွင်းဆင်းဖို့ တစ်နှစ်ခွင့်တောင်းတာပေါ့” ဟု ယင်းကပြောသည်။

လူဦးရေ ၅၅ သန်းခန့်ရှိသော မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများထဲတွင် လျှပ်စစ်စွမ်းအင်ရရှိမှု အနည်းဆုံးနိုင်ငံဖြစ် ကြောင်း တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားသော ISP Myanmar China Desk က ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *