October 20, 2024

၁၉. ၃. ၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင်၊ ဆင်မကြပ်လမ်းဆုံအနီး မြို့ရှောင်လမ်းတွင် မတ်လ ၁၈ ရက် ည ၈ နာရီမိနစ် ၄၀ ခန့်က သံဃာတစ်ပါး မောင်းလာသော Honda Fit ယာဥ်မှာ သစ်ပင်ကို ဝင်တိုက်မိရာမှ သံဃာ၂ ပါးအပါအဝင် သာသနာ့နွယ်ဝင် ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားက ရွှေနတ်တောင်ကနေ ပြန်လာတာ။ အပြန်မှာကားတစ်စီးကို ရှောင်ရင်း သစ်ပင်ကိုဝင်တိုက်မိတာ။ ယာဥ်​မောင်းတဲ့ ဦးဇင်းကတော့သတိမရဘူး။ လူနာတွေက အသက်အန္တရာယ် မစိုးရိမ်ရဘူး”ဟု လူနာများကို ကယ်ထုတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူများမှာ အသက် ၅၀ ဝန်းကျင်ရှိကြသောသံဃာ ၂ ပါး ၊ သီလရှင် ၂ ပါးနှင့် အသက် ဆယ်နှစ်ကျော်အရွယ် ကိုရင် ၁ ပါး၊ ဖိုးသူတော် ၁ ပါးတို့ ပါဝင်ပြီး နဖူးကွဲ၊ မျက်လုံးဖူးယောင် ၊ နားထင်ကွဲ ဒဏ်ရာနှင့် အခြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို မြေပြင် အရေးပေါ် ကုသပြုစုပေးခဲ့ပြီး ပြည်​မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *