October 20, 2024

၁၉. ၃. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ကန်ချနာပူရီပြည်နယ်အတွင်း မောင်းခရိုင်၌ အဝေးပြေးဘတ်စ်ကားတစ်စီးက ယာဉ်သွားလာမှုဆိုင်းဘုတ်များပြသထားရာ သံမဏိအထောက်အကူတိုင်အား မတ်လ ၁၉ ရက် နံနက်အစောပိုင်းက ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်မောင်းနှစ်ဦးသေဆုံး၍ ၄၄ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

Lotusphibul ခရီးသွားလာရေးကုမ္ပဏီက ပြေးဆွဲသည့် အဆိုပါနှစ်ထပ်ဘတ်စ်ကားက ဘွန်ကန်မြို့မှ ဘန်ကောက်မြို့သို့ မောင်းနှင်လာစဉ် မောင်းခရိုင်အတွင်း နံနက် ၂ နာရီခန့်၌ ဤကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည့် Hook 31 ဖောင်ဒေးရှင်းကပြောခဲ့သည်။ ဘတ်စ်ကားက သံမဏိအထောက်အကူတိုင်အား ဝင်တိုက်မိခဲ့ခြင်းဟုလည်း သိရသည်။

ထိုကဲ့သို့တိုက်မိခဲ့မှုကြောင့် ဘတ်စ်ကားယာဉ်မောင်းနှင့်အကူယာဉ်မောင်းတို့မှာ သေဆုံးခဲ့ရပြီး လိုက်ပါလာသည့်ခရီးသည် ၄၄ ဦးဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ၁၂ ဦးမှာ လာအိုနိုင်ငံသားများဖြစ်ကြောင်းလည်း ထုတ်ပြန်သည့်ကြေညာချက်တစ်ရပ်က ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ က လည်း ဒဏ်ရာရရှိသောခရီးသည်များအနက် လေးဦးမှာဒဏ်ရာပြင်းထန်ပြီး ၎င်းတို့ကို မဟာရတ် နာခွန် ရတ်ချဆီမာ ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ အခြားဒဏ်ရာရရှိသူများကမူ အသေးအမွှားဒဏ်ရာလေးများသာ ရရှိ သူများဖြစ်၍ ဆေးရုံမှဆင်းသွားကြပြီဖြစ်ကြောင်း ပြောခဲ့သည်။

ဘတ်စ်ကားက နာခွန် ရတ်ချဆီမာ ဂိတ်အမှတ် ၂ တွင် အစားအသောက်စားရန် ရပ်နားခဲ့ပြီးနောက် ဘန်ကောက်မြို့သို့ ဆက်ထွက်လာခြင်းဟုလည်း သိရသည်။ အရှေ့ မြောက်ဘက်ကိုသွားသော ရထားလမ်းတစ်ခုကိုအကျော် တံတားတစ်ခုအဆင်းတွင် လမ်းအကွေ့တစ်ခု၌ ယာဉ်မောင်းက ယာဉ်ကိုမထိန်းသိမ်းနိုင်ဖြစ်သွားခြင်းဟုလည်း ရဲတပ်ဖွဲ့က ဆက်လက်ပြောခဲ့သည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *