October 20, 2024

၁၉. ၃. ၂၀၂၄
Written by Nyein Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မဖြေဆိုနိုင်အောင် အကြမ်းဖက်သောင်းကျန်းသူများက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံခဲ့ရသည့် ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲများကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်မှစတင်၍ မတ်လ ၁၉ ရက်အထိ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်သည်။ သို့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသော ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခွင့်အရေးဆုံးရှုံးခဲ့ကြသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်း မဆုံးရှုံးစေရန်အတွက် လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုအရ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးဖြစ်ပြီး ဖြေဆိုမည့် နေ့ရက်နှင့် စာစစ်ဌာနများအား ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်မှစတင်ဖြေဆိုခဲ့ရာ မတ်လ ၁၉ ရက်တွင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲများ ဖြေဆိုမှုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ ဖြေဆိုရန် စာရင်းပေးသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိသည့်အနက် လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိသည့်အတွက် ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *