October 20, 2024

၁၉. ၃. ၂၀၂၄
Written By Thandar

ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အွန်လိုင်းစနစ်အပါအဝင် ဆက်သွယ်ရေး နည်းပညာတစ်ခုကို အသုံးပြုတဲ့ ရုပ်ရှင်၊ ဗီဒီယိုထုတ်လွှင့်ပြသခြင်း လုပ်ငန်းတွေ မှတ်ပုံတင်ပြီး ဆောင်ရွက်ရ တော့မယ်လို့ဆိုပါတယ်။

“အဓိကကတော့ ဆက်သွယ်ရေးကွန်ရက်အသုံးပြုပြီး လူမှုကွန်ရက်မှာ လွှင့်တင်နေတဲ့ Application တွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ အရမ်းများလာတဲ့အတွက် မှတ်ပုံတင် လုပ်ကိုင်ကြဖို့ ထုတ် ပြန်တာဖြစ်ပါတယ် ။ အဓိကပြန်ကြားရေး ဝန်ကြီးဌာနက စည်းမျဉ်းသတ်မှတ်ချက်ကို အတိအလင်း ကြေညာတာပါ” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက MT Entertainment ကိုပြောပါတယ်။

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းတွေမှာ ရုပ်ရှင်၊ ဗီဒီယိုအဖြစ် ရိုက်ကူးထုတ်လုပ်တဲ့ ဇာတ်လမ်းကား၊ မှတ်တမ်းတင်ကား ၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား (သို့) ပညာပေးကားတွေကို ဆက်သွယ်ရေးကွန်ရက် အသုံးပြုပြီးတော့ ဖြန့်ချိတာ ၊ မျှဝေ တာ၊ ရောင်းချတာနဲ့ ပြသတာတွေကိုဆိုပါတယ်။ ဒီ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီးတော့ ရုပ်ရှင်ရုံ တည်ထောင်တာ ၊ ရုပ်ရှင်ဆိုင်ရာ Application တွေ လွှင့်တင်တာ လုပ်ငန်းတွေလည်း ပါဝင်တယ်လို့ သိရပါ တယ်။

အဆိုပါ ကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်တာ၊ ရုပ်ရှင်ဆိုင်ရာ Application တွေကနေ လွှင့်တင်တာနဲ့ ရုပ်ရှင်ကားထုတ်လွှင့် ပြသတာစတဲ့ လုပ်ငန်းတစ်မျိုးမျိုးကို လုပ်ကိုင်လိုသူက သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့)ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးကို သွားရောက် မှတ်ပုံတင် လျှောက်ထားရမှာဖြစ်ပါတယ်။ မှတ်ပုံတင်လက်မှတ် သက်တမ်းကာလကိုလည်း ၁နှစ် ခွင့်ပြုထားပြီး မှတ်ပုံတင်ကြေးအနေနဲ့ ငွေကျပ် ၂ သိန်း ဖြစ်သလို သက်တမ်းတိုးပါက ငွေကျပ် ၁ သိန်းကို ပေးသွင်းလျှောက် ထားရမှာဖြစ်ပါတယ်။

ဒါ့အပြင် မှတ်ပုံတင်လက်မှတ်ရရှိသူအနေနဲ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ထုတ်လွှင့်ပြ သမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားချင်းစီကို စိစစ်ရေးအဖွဲ့ကို တင်ပြကာ စိစစ်မှုခံယူရမှာဖြစ်သလို ရုပ်ရှင် ကားစိစစ်ခအနေနဲ့ ၁၂၀ မိနစ်ထက်မပိုတဲ့ ရုပ်ရှင်ကားတစ်ကားကို ကျပ် ၁၀၀၀ နှုန်း ၊ ၁၂၀ မိနစ်ထက်ပိုတဲ့ ရုပ်ရှင်ကားတစ်ကားကို ကျပ် ၂၀၀၀ နှုန်းနဲ့ ပေးသွင်းရမှာဖြစ်ပါတယ်။

ပြည်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အမိန့်အရမှတ်ပုံတင်လက်မှတ်မရှိဘဲ ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းကို လုပ်ကိုင်ခြင်းမပြုရဘူးလို့လည်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *