October 20, 2024

၁၉. ၃. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ ဂျိုဟောဘာရူမြို့မှာ Ops Cegah လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ အစ်ကန်ဒါ ပူတယ်ရီမြို့မှာ ဖျော်ဖြေရေးစင်တာတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စစ်ဆင်ရေးတွေမှာ မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားအခြေစိုက်သတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ် ဂျိုဟောဘာရူမြို့မှာ အဆောက်အအုံ ၂၆ ခုကို မတ် ၁၃ ရက်ကနေ ၁၇ ရက်အထိ စီးနင်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာ နိုင်ငံခြားသား ၆၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၁၁ ဦးလည်း ပါဝင်ခဲ့တာပါ။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၁ ဦးထဲမှာ အသက် ၃ နှစ်ကနေ ၆၁ နှစ်ကြား အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦးနဲ့ ကလေးငယ် ၃ ဦး ပါဝင်ခဲ့ပြီး သူတို့ဟာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်မှုနဲ့ တရားမဝင်နေထိုင်မှုတွေကြောင့် ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အလားတူ ပြည်နယ်လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ အစ်ကန်ဒါ ပူတယ်ရီမြို့မှာ ဖျော်ဖြေရေးစင်တာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ အမျိုးသားတွေကို ဖျော်ဖြေပေးနေတဲ့ ပန်းပွင့်မိန်းကလေးတွေအဖြစ် အလုပ်ခန့်ထားတဲ့ နိုင်ငံခြားသား မိန်းကလေးအများအပြား ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသူ တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးမှုဟာ သန်းခေါင်ကျော်အချိန် ကလပ်မှာ နိုင်ငံခြားသားတွေ အကျင့်ပျက် လှုပ်ရှားမှုတွေမှာ ပါဝင်နေကြောင်း သတင်းရရှိပြီးနောက် စီးနင်းမှု စတင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးတွေဟာ ဝန်ဆောင်မှုတွေအတွက် မလေးရှား ရင်းဂစ်ငွေ ၅၀ ကနေ ၅၀၀ ကြားရရှိကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *