October 20, 2024

၁၉. ၃. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းကတစ်ဆင့်လိမ်လည်မှုပြုလုပ်နေတဲ့ ကျားဖြန့်အလုပ်လိမ်လည်ဂိုဏ်းတစ်ခုကနေ သေနတ်နဲ့ ခြိမ်းခြောက် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ မလေးရှားအမျိုးသားတစ်ဦးက သူရဲ့ဆိုးရွားလှတဲ့ အတွေ့အကြုံတွေကနေ လူအများ သင်ခန်းစာယူနိုင်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြန်လည်မျှဝေခဲ့ပါတယ်။

အသက် ၃၀ အရွယ် မက်စ်သီယမ်လို့ အမည်ရတဲ့ မလေးရှားအမျိုးသားဟာ ဆိုရှယ်မီဒီယာမှာ မိတ်ဆွေတစ်ယောက်ရခဲ့ပြီး ခင်မင်ရင်းနှီးတာ တစ်နှစ်နီးပါးအကြာမှာ အဲ့ဒီပုဂ္ဂိုလ်နဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက တွေ့ဆုံဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ တွေ့ဆုံရင် အချင်းချင်း ရင်းနှီးစေဖို့နဲ့ အရက်တူတူသောက်ဖို့ နောက်တစ်ယောက်ကိုလည်း ခေါ်ထားသေးတယ်လို့ သူကပြောပါတယ်။ အဲ့ဒီနောက် သူ ထိုင်းနိုင်ငံ ရောက်ရောက်ပြီးချင်း တခြားလူ ၃ ဦးနဲ့ အတူ ကားပေါ်အတင်းတက်ခိုင်းခံရပြီး ကားပေါ်မှာလည်း သေနတ်နဲ့ ချိန်ခံထားရကာ အဲ့ဒီကနေ မှောင်ခိုလမ်းကြောင်းကတစ်ဆင့် သမ္ဗာန်နဲ့ မြန်မာနိုင်ငံထဲ ရောက်ရှိလာခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ဘက်ကိုရောက်တဲ့အခါ တခြားဒုက္ခသည်တွေဖြစ်တဲ့ မလေးရှား၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံသားတွေ အများကြီးတွေ့ရသလို TikTok လိုမျိုး ဆိုရှယ်မီဒီယာပလက်ဖောင်းအမျိုးမျိုးကတစ်ဆင့် အခြားသူတွေကို လိမ်လည်လှည့်ဖြားဖို့ ခိုင်းစေခံရကာ တစ်ရက်ကို ၁၆ နာရီကနေ ၁၇ နာရီအထိ အလုပ်လုပ်ခိုင်းခံရပြီး လိုချင်တဲ့ ပန်းတိုင်ကို မပြည့်မီဘူး ဒါမှမဟုတ် ငြင်းဆန်ရင်လည်း ရိုက်နှက်ခံရတာမျိုးနဲ့ တစ်ရက် နှစ်ရက်လောက် အိပ်ခွင့်မပေးတာမျိုးလည်း ရှိတယ်လို့ သီယမ်က ပြောခဲ့ပါတယ်။

အဆိုပါ ဂိုဏ်းကနေ ဘယ်လို လွတ်မြောက်အောင် လုပ်နိုင်ခဲ့သလဲလို့ မေးရာမှာတော့ သူက အဲ့ဒီလိမ်လည်ဂိုဏ်းမှာ သုံးလလောက် အလုပ်လုပ်ခဲ့ရပြီး အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်လာပြီးတော့ သူ့ရုံးခန်းကို ပိတ်ထားခဲ့ရတယ်လို့ ပြောပါတယ်။

အဲ့ဒီနောက် မလေးရှားအစိုးရနဲ့ မလေးရှားနိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း (MHO) တို့ကို ဆက်သွယ် အကူအညီတောင်းခံပြီး လွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ MHO ပြည်သူ့ဆက်ဆံရေးအရာရှိ ဒနီရယ်ခိုးလ်က အလုပ်အကိုင်လိမ်လည်မှုအဖွဲ့တစ်ခုက လှည့်ဖြားခံရပြီးနောက် မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ မလေးရှား နိုင်ငံသား ၁,၀၀၀ လောက် ရှိနေသေးတယ်လို့ ပြောကြားခဲ့ကာ သူတို့က လူငယ်တွေကို အဓိက ပစ်မှတ်ထားတယ် ပြောပါတယ်။

အဲ့ဒါကြောင့် လူငယ်တွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ်က လစာမြင့်မားတဲ့ အလုပ်ကမ်းလှမ်းမှုတွေနဲ့ အလွယ်တကူ အရူးလုပ်မခံဖို့ အကြံပြုခဲ့ပါတယ်။

“အလုပ်ကမ်းလှမ်းတဲ့ ကုမ္ပဏီရဲ့ နောက်ခံအကြောင်းကိုလည်း စုံစမ်းဖို့ လိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားပြီးတော့ ကုမ္ပဏီရဲ့ နောက်ခံကို စုံစမ်းပြီး အလုပ်ပါမစ် ပြင်ဆင်ပေးဖို့ ကုမ္ပဏီကို တောင်းဆိုသင့်ပါတယ်” လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Ref; The Star

Leave a Reply

Your email address will not be published. Required fields are marked *