October 20, 2024

၁၈.၃.၂၀၂၄
Written by Thin Zar

ပဲခူးတိုင်းဒေသကြီးရှိ ကျောက်ကြီးမြို့၊ ရေတာရှည်မြို့နှင့် တောင်ငူမြို့တို့တွင် တစ်ရက်တည်း အသက် ၈ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့၊ ဆိပ်ကြီးကျေးရွာအတွင်းသို့ KNU/PDF များမှ မတ်လ ၁၇ ရက် ညနေ ၆ နာရီကျော်တွင် ထိုကျေးရွာအတွင်းသို့ ဒရုန်းဗုံးဖြင့်ပစ်ချတိုက်ခိုက်ရာ ကျေးရွာရှိ “ဖွားတိုး”ဆီစက်နှင့် “ရွှေခရီး”စက်သုံးဆီဆိုင်ရှေ့ လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုကျရောက်ပေါက်ကွဲသည့် နေရာအနီးတွင် ရှိနေသည့် အသက် ၈ နှစ်အရွယ် မအိန္ဒြေဖြိုးမှာ နေရာတွင် သေဆုံး၍ အသက် ၄ နှစ်အရွယ် မပန်းနုဝါ၊ အသက် ၃၉ နှစ်အရွယ် ဦးဖြိုးဝေအောင်နှင့် အသက် ၆၃ နှစ်အရွယ် ဒေါ်မြမြရီတို့မှာ ဗုံးစထိမှန်၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အလားတူ မတ်လ ၁၇ ရက် ည ၇ နာရီဝန်းကျင်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ ခင်တန်းကြီးကျေးရွာသို့ KNU/PDF များပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ထိုကျေးရွာရှိ နေအိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲရာ သားအမိသုံးဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသည့် သားအမိသုံးဦးမှာ အသက် ၅၂ နှစ်အရွယ် ဒေါ်သက်သက်၊ သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် မောင်စိုးပြည့်ထွေးအောင်နှင့် သားအကြီး အသက် ၁၃ နှစ်အရွယ် မောင်စိုးပြည့်ဖြိုးအောင်တို့မှာ ဒဏ်ရာများရရှိသောကြောင့် ဆေးကုသမှု ခံယူနေရသည်။

ထို့အပြင် မတ်လ ၁၇ ရက် ည ၁၀ နာရီကျော်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ကံရာဇာကျေးရွာသို့ PDF များရောက်ရှိလာပြီး ထိုကျေးရွာတွင် နေထိုင်သည့် ဦးစိန်မြင့်ကို နေအိမ်၌ပင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *