၁၈.၃.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ဖမ်းမိထားသော လူငယ် ၄၈၀ ကျော်ကို ယနေ့ မတ်လ ၁၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက အာမခံဖြင့် ပြန်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။
ဖမ်းမိထားသော လူငယ် ၄၈၄ ဦးကို ဖမ်းဆီးထားသည့် နေရာ၌ပင် ယာယီတရားရုံးဖွင့်၍ မြို့နယ်တရားသူကြီး၊မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက စိစစ်ကာ အာမခံထောက်ခံစာနှင့်အတူ ခံဝန်လက်မှတ်ဖြင့် လွှတ်ပေးလျက်ရှိခြင်းဖြစ်သည်။
ထိုလူငယ်များမှာ ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာများကို တာဝန်ရှိသူများ ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ချိန် တရုတ်နိုင်ငံသား (၁)ဦး၊ ထိုင်းနိုင်ငံသူ (၇၃)ဦး၊ ထိုင်းနိုင်ငံသား (၇၄)ဦး နှင့် မြန်မာနိုင်ငံသူ (၃၆၇)ဦး၊ မြန်မာနိုင်ငံသား (၁၇၃)ဦး စုစုပေါင်း (၆၈၉)ဦး ဖမ်းဆီးခဲ့ခြင်းတွင် ပါဝင်ခဲ့သူများဖြစ်ကာ မတ်လ ၈ ရက်က ဖမ်းမိထားသူများအနက် အသက်(၁၈)နှစ်အောက် ကလေးငယ်(၅၈)ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ယခု မတ်လ ၁၈ ရက်တွင် ကျန်လူငယ် ၄၈၀ ကျော်ကို လွှတ်ပေးခြင်း ဖြစ်သည်။
ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများကိုမူ ညွှန်ကြားချက်ရရှိပါက ထိုင်းနိုင်ငံဘက်သို့ တရားဝင်လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။