၁၈. ၃.၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းဒေသအချို့မှာ မတ်လ ၂၀ ရက်ကနေ ၂၂ ရက်အထိ လေပြင်းတိုက်ပြီး ထစ်ချုန်းမိုးရွာနိုင်တဲ့အခြေအနေ ဖြစ်ပေါ်နိုင်ကာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေနဲ့အတူ မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းတဲ့ဒေသတွေမှာ လေပြင်းတိုက်ခတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ စိုက်ဆင်းလေပြင်း အန္တရာယ်ကိုလည်း သတိပြုကြဖို့ လိုအပ်တယ်လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်တွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
၂၀ ရက်နေ့မှာ အရှေ့တောင်ဘက်ကနေလေပြင်းတိုက်ခတ်မှုဖြစ်စဥ်က တစ်နာရီကို ၁၀ မိုင်ကနေ ၂၅ မိုင်ခန့်အထိရှိနိုင်ကာ မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်းသိရပါတယ်။၂၁ ရက်နဲ့ ၂၂ ရက်တွေမှာတော့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ လေတိုက်ခတ်မှု မပြင်းထန်ပေမဲ့ မိုးရေချိန်၂၀ မီလီမီတာခန့်အထိ ရွာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်မှာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်းက တိုက်ကြီး၊ မှော်ဘီ၊ ရန်ကုန်မြို့၊ ခရမ်း၊ သုံးခွ၊ ဒါးပိန်နဲ့ ပဲခူးတိုင်းတောင်ပိုင်း ပဲခူးမြို့၊ ဝေါ၊ ကဝ စတဲ့ မြို့နယ်တွေမှာ ၂၀ ရက်နေ့က စပြီး စိုက်ဆင်းလေပြင်းအန္တရာယ်ကို သတိထားကြစေချင်ပါတယ်၊ (၁)အချက်က အပူရှိန်ပြင်းနေရင်၊(၂) အချက်က မိုးတိမ်တောင်တွေဖြစ်လာပြီးရင် ဘယ်နေရာမဆို စိုက်ဆင်းလေပြင်းဖြစ်သွားနိုင်ပါတယ်” လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်တွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကMT News ကို ပြောပါတယ်။
အန္တရာယ်ပေးနိုင်တဲ့စိုက်ဆင်းလေပြင်းတွေကများသောအား ဖြင့် ကွင်းကိုဆင်းသက်တော့မယ့် လေယာဉ်တွေကို အန္တရာယ်ဖြစ်စေတတ်ပေမယ့် ပင်လယ်၊ မြစ်၊ ချောင်းတွေမှာ သွားလာကြတဲ့ လှေ၊ သင်္ဘောတွေနဲ့ လူနေရပ်ကွက်ထဲက အိမ်တွေ သစ်ပင်တွေအတွက်ဆိုရင်လည်း မိနစ်ပိုင်း-စက္ကန့်ပိုင်းအတွင်းမှာ လေတိုက်ခတ်မှုက တစ်နာရီ မိုင် ၅၀ ကနေ မိုင် ၁၅၀ ခန့်အထိ တိုက်ခတ်တတ်တာကြောင့် အန္တရာယ်များတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်စဥ်တစ်ခုပဲ ဖြစ်ပါတယ်။
မတ်လ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က ရွေ့လျားလာတဲ့ တိမ်တိုက်တွေကြောင့်လည်းကောင်း၊ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေအရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်လာတဲ့ တိမ်တွေဖြစ်ထွန်းမှု အားကောင်းလာတာကြောင့်လည်းကောင်း၊ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။