၁၈.၃.၂၀၂၄.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံတွင် လိမ်လည်မှုများနှင့် ငွေကြေးခဝါချမှုများပါ ပြုလုပ်ခဲ့သူဟု အာဏာပိုင်များက စွပ်စွဲခြင်းခံနေရသော ‘ထီဘုရင်ကြီး’ ဟု လူသိများကြသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဆန်တီယာဂို မာတင်နှင့် ၎င်း၏ကုမ္ပဏီက အိန္ဒိယနိုင်ငံတွင် Opaque Funding System မဖျက်သိမ်းမီ က ထိုစနစ်မှ နိုင်ငံရေးပါတီများသို့ ငွေကြေးအလှူငွေ အများဆုံးပြုခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း မတ်လ ၁၄ ရက်တွင် ထွက်ပေါ်လာသည့် စာရင်းဇယားများအရ သိရသည်။
အိန္ဒိယနိုင်ငံတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့်ကုမ္ပဏီများက နိုင်ငံရေးပါတီများသို့ ရွေးကောက်ပွဲအတွက် အမည်မဖော်ဘဲ အကန့်အသတ်မရှိငွေကြေးထောက်ပံ့နိုင်သည့် Opaque Funding System အား ဖေဖော်ဝါရီလ ၁၅ ရက်တွင် တရားရုံးချုပ်က ဖျက်သိမ်းခဲ့သည်။ ၎င်းစနစ်က စစ်ဆေးသိရှိနိုင်ရန်လည်း ခဲယဉ်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီကြောင်း တရားရုံးချုပ်က ပြောကြားခဲ့သည်။
ဆန်တီယာဂို မာတင်၏ Future Gaming and Hotel Services ကုမ္ပဏီက ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ Opaque Funding System မှ နိုင်ငံရေးပါတီများသို့ ထောက်ပံ့ငွေ အိန္ဒိယရူပီး ၁၃ ဒသမ ၆၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၁၆၅ သန်း)ခန့် ပြုလုပ်ခဲ့ရာ ဒုတိယအများဆုံးထောက်ပံ့သူထက်ပင် ၄၀ ရာခိုင်နှုန်းသာလွန်နေခဲ့ကြောင်း မတ်လ ၁၄ ရက်တွင် ထွက်ပေါ်လာသည့် စာရင်းဇယားများကဆိုသည်။
တရားရုံးချုပ်၏အမိန့်အရ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သော သတင်းအချက်များအရလည်း ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၏ဘီဂျေပီ ပါတီက အများဆုံးလက်ခံရရှိခဲ့သူဖြစ်ကြောင်းလည်း သိရသည်။ သို့သော် အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိပေ။ ဘီဂျေပီ ပါတီအဖို့ ထိုငွေကြေးထောက်ပံ့မှုစနစ်ဖျက်သိမ်းခဲ့ခြင်းကြောင့် များစွာနစ်နာစေခဲ့သည်ဟုလည်း ဆိုကြသည်။
Future Gaming and Hotel Services ကုမ္ပဏီကလည်း ၎င်း၏ အဆိုပါစနစ်အရ လှူဒါန်းခဲ့မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ပြောကြားမှုမရှိပေ။ တရားရုံးချုပ်ကလည်း ထိုစနစ်ကို ဖျက်သိမ်းပြီးဖြစ်သော်လည်း ၎င်းစနစ်အရ နိုင်ငံရေးပါတီများသို့ ငွေလှူဒါန်းမှုများက မရိုးသား၊ မမှန်ကန်ဟု ပြောကြားခြင်းမျိုးကားမရှိပေ။
Future Gaming and Hotel Services ကုမ္ပဏီနှင့် ၎င်းနှင့်ဆက်နွှယ်နေသော အခြားကုမ္ပဏီ ၁၅ ခုတို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရားရုံးတစ်ရုံးက ငွေကြေးခဝါချမှုဖြင့် စွဲချက်တင်ထားခဲ့သည်။ ကုမ္ပဏီအနေဖြင့် ထီမဲဥပဒေကိုချိုးဖောက်ဆောင်ရွက်မှုများရှိကြောင်းလည်း ငွေကြေးဆိုင်ရာဒုစရိုက်မှု နှိမ်နင်းရေးကုမ္ပဏီက ပြောခဲ့သည်။
ဆန်တီယာဂို မာတင်က ငယ်စဉ် ဆယ်ကျော်သက်အရွယ်ဘဝအထိ မြန်မာနိုင်ငံတွင် အလုပ်သမားတစ်ဦးအဖြစ်သာလုပ်ကိုင်နေထိုင်ကာ မိသားစုကို ထောက်ပံ့ခဲ့ရာမှ ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းနှစ်များတွင် အိန္ဒိယသို့ပြန်လာခဲ့ပြီး နိုင်ငံ့တောင်ပိုင်း ကိုအင်မ်ဘာတိုမြို့တွင် စီးပွားရေးလုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည်။
ဒေသအတွင်း ၎င်းက နှစ်လုံးထီလုပ်ငန်းကိုစတင်ခဲ့ရာ ဆင်းရဲသားများအဖို့ နေ့ချင်းညချင်းသူဌေးဖြစ်နိုင်သည်ဟူသော အချက်ကြောင့် လူသိများလာပြီး အခြားပြည်နယ်များနှင့် နောက်ဆုံးတွင် ဘူတန်နိုင်ငံနှင့် နီပေါနိုင်ငံတို့သို့ပါ လုပ်ငန်းတိုးချဲ့ခဲ့သည်။ လက်မှတ်များဖြန့်ချိမှုကိုလည်း ၎င်းက လက်ဝါးကြီးအုပ်ခဲ့သည်။
၎င်းနှင့်ဆက်စပ်နေသောကုမ္ပဏီများအား ထီလုပ်ငန်းအရှုပ်တော်ပုံမသမာမှု ၃၂ မှုဖြင့် အိန္ဒိယပြည်ထောင်စုအစိုးရ ရဲတပ်ဖွဲ့ က အမှုဖွင့်ထားပြီး မြေရယူခြင်း၊ လှည့်ဖြားခြင်း၊ ဥပဒေးနှင့်မညီ ထီများရောင်းချခြင်းတို့အပါအဝင် အမှု ၁၄ ခုအတွက် နိုင်ငံရေးသမားတချို့နှင့်အတူ ထောင်ရှစ်လချမှတ်ခံခဲ့ရသည်။ သို့သော် မာတင်အနေဖြင့် မည်သည့်အမှုတွင်မှ တရားစွဲဆိုခြင်းမခံခဲ့ရဘဲ အချို့အမှုများက ဆုံးဖြတ်ရန် ဆိုင်းငံ့ထားကာ ၂၀၁၂ ခုနှစ်တွင် အာမခံနှင့် မာတင်ကိုလွှတ်ပေးခဲ့ခြင်းဖြစ်သည်။
မာတင်နှင့် ၎င်း၏လုပ်ငန်းတို့ကမူ ၎င်းတို့အနေဖြင့် ဥပဒေနှင့်မညီသော မသမာမှုများတစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောခဲ့ကြသည်။
မာတင်အနေဖြင့် ထိုသို့ အမှုများစွာရင်ဆိုင်နေရသော်လည်း ၎င်း၏မိသားစုကမူ ဝန်ကြီးချုပ်မိုဒီ၏ ပါတီနှင့်ရင်းနှီးပြီး နိုင်ငံရေးဇာတ်ခုံစင်မြင့်ထက်သို့ပင်ရောက်နေသေးသည်ဟုလည်း ဆိုကြသည်။
Ref – Reuters