၁၈. ၃. ၂၀၂၄
Written by Pan Ei
နိုင်ငံပေါင်း ၁၉၃ နိုင်ငံရဲ့ ၂၀၂၂ ခုနှစ်က အချက်အလက်တွေကို အခြေခံပြီး ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UNDP)က ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြခဲ့တဲ့ ၂၀၂၃/ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ လူသားဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ(HDI) စာရင်းမှာ မြန်မာနိုင်ငံက ရမှတ် ၀ ဒသမ ၆၀၈ မှတ်နဲ့ ကမ္ဘာ့အဆင့် ၁၄၄ နေရာမှာ ရပ်တည်နေပါတယ်။
HDI စာရင်းက စီးပွားရေးတိုးတက်မှုတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အကဲဖြတ်နိုင်ဖို့အတွက် လူတွေနဲ့ သူတို့ရဲ့စွမ်းဆောင်နိုင်ရည်တွေ အဆုံးစွန်သောစံနှုန်းတွေကို အခြေခံ တိုင်းတာဖို့ ဖန်တီးထားခြင်းဖြစ်ကာ လူသားတွေရဲ့ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်စွမ်း၊ အသိပညာရှိခြင်းနဲ့ သင့်လျော်တဲ့လူနေမှုအဆင့်အတန်းရှိခြင်း စတာတွေနဲ့ တိုင်းတာပါတယ်။
HDI စာရင်းမှာ အလွန်မြင့်မားတဲ့ လူ့ဖွံ့ဖြိုးတိုးတက်မှု၊ မြင့်မားတဲ့ တိုးတက်မှု၊ အလယ်အလတ်တိုးတက်မှုနဲ့ တိုးတက်မှုအနည်းဆုံး ဆိုတဲ့ အဆင့်လေးဆင့်ရှိရာ မြန်မာက အလယ်အလတ်အဆင့်ထဲ အပါအဝင်ဖြစ်ပြီး အရင်နှစ်က ထုတ်ပြန်ချက်မှာ အဆင့် ၁၄၅ ဖြစ်ခဲ့ပေမဲ့ အခုနှစ် ထုတ်ပြန်ချက်မှာတော့ ၁ ဆင့်တက်ပြီး ၁၄၄ ဖြစ်လာတာလည်း ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံက အရှေ့တောင်အာရှမှာ HDI အမြင့်ဆုံးနိုင်ငံအဖြစ် ဦးဆောင်နေပြီး ကမ္ဘာပေါ်မှာ လူသားဖွံ့ဖြိုးတိုးတက်မှု အလွန်မြင့်မားတဲ့ အဆင့် ၉ နေရာမှာရှိနေပါတယ်။ ဒါ့အပြင် လူသားဖွံ့ဖြိုးတိုးတက်မှု အလွန်မြင့်မားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဘရူနိုင်း၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့လည်း ပါဝင်နေပြီး တီမောနိုင်ငံကတော့ အရှေ့တောင်အာရှထဲ လူသားဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံဖြစ်ကာ တီမောရဲ့ အပေါ်မှာတော့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူသားဖွံ့ဖြိုးတိုးတက်မှုအများဆုံးနိုင်ငံက အမှတ် ၀ ဒသမ ၉၆၇ မှတ်နဲ့ ဆွစ်ဇာလန်နိုင်ငံဖြစ်ပြီး တိုးတက်မှု အနည်းဆုံးကတော့ ၀ ဒသမ ၃၈ မှတ်နဲ့ ဆိုမာလီယာနိုင်ငံဖြစ်ပါတယ်။
Ref; UNDP