October 20, 2024

၁၈. ၃. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံက အကျပ်အတည်းတွေ လျော့ပါးစေဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မတီက မဟာဗျူဟာ လေးရပ် အစီအစဉ်ကို အဆိုပြုခဲ့ပါတယ်။ ကော်မတီဥက္ကဋ္ဌနဲ့ ဖြူထိုင်းပါတီ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ နော်ပဒွန်ပတ္တမ က ကော်မတီဟာ မြန်မာနိုင်ငံအကျပ်အတည်းကို အဆုံးသတ်စေမဲ့ အစပျိုးမှုအားလုံးကို ထောက်ခံကြောင်းနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကော်မတီက အစိုးရကို ညှိနှိုင်းတုံ့ပြန်ရာမှာ အထောက်အကူဖြစ်စေမဲ့ အချက်လေးချက်ပါ အဆိုပြုချက်တစ်ရပ်ကို တင်သွင်းထားရာ ပထမဦးစွာ အစိုးရအနေနဲ့ အခြေအနေကို စောင့်ကြည့်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးနဲ့ နိုင်ငံခြားရေး အရာရှိတွေ ပါဝင်တဲ့ အထူးအဖွဲ့ကို ဖွဲ့စည်းသင့်တယ်လို့ ပါရှိပါတယ်။

ဒုတိယအနေနဲ့ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ တိုးလာနိုင်တဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ခိုလှုံလိုသူတွေ များပြားလာနိုင်တဲ့ အခြေအနေတွေအပေါ် အရေးပေါ် အစီအစဉ်တစ်ရပ် ချမှတ်ဖို့ကလည်း အရေးကြီးကြောင်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီလအတွင်း စစ်မှုထမ်းဖို့ အရှိန်မြှင့်မှာဖြစ်တာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

တတိယအနေနဲ့ အစိုးရဟာ ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဖြန့်ဝေမှုတွေ တိုးချဲ့ဖို့လိုအပ်ပြီး ကျေးရွာသုံးရွာမှာ ခိုလှုံနေသူ ၁၀,၀၀၀ ကို ကန့်သတ်ထားခြင်းထက် ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ ရရှိစေဖို့ အာဆီယံအနေနဲ့လည်း ပါဝင်သင့်တယ်လို့ သူက ပြောပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ မြန်မာနိုင်ငံအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် တွန်းအားပေးဖို့ ထိုင်း၊ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်တဲ့ “Myanmar Troika Plus” ဆိုတဲ့အဖွဲ့ကို ထူထောင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ထောက်ခံအားပေးသင့်ကြောင်း ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်နိုင်ဖို့အတွက် အလွတ်သဘော ညှိနှိုင်းဆွေးနွေးရေး ယန္တရားတစ်ခုအဖြစ် လုပ်ဆောင်မှာဖြစ်ပါတယ်။

ခုလို အဆိုပြုထားတဲ့ အချက်တွေဟာ ရန်လိုမှုတွေ ရပ်စဲရေး၊ ပါတီအချင်းချင်း တွေ့ဆုံဆွေးနွေးရေးနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ကို ထောက်ခံအားပေးတဲ့ အာဆီယံရဲ့အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်နဲ့လည်း ကိုက်ညီပါတယ်။ ပဋိပက္ခတွေ ရှုပ်ထွေးနေပေမဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပဏာမခြေလှမ်းတွေအတွက် တွန်းအားပေးဖို့ ထိုင်းနဲ့ အာဆီယံရဲ့အလားအလာကို ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း နော်ပဒွန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အစောပိုင်းက ထိုင်းအစိုးရဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အိုးအိမ်မဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီဖို့အတွက် နယ်စပ်မှာ လူသားချင်းစာနာထောက်ထားမှု စင်္ကြံတစ်ခု ထူထောင်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တို့က ထောက်ခံထားတဲ့ အဆိုပါ စီမံချက်ဟာ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ရဲ့ကြီးကြပ်မှုအောက်မှာ ထိုင်းနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ကို ထောက်ပံ့မှုတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီရဲ့ ပထမဆုံးယာဉ်တန်းဟာ တာ့ခ်ခရိုင် မဲဆောက်ရှိ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကတစ်ဆင့် မတ်လ ၂၅ ရက်မှာ မြန်မာနိုင်ငံကို ဝင်ရောက်မှာဖြစ်ပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *