October 30, 2024

လက်နက်ကြီးများထိမှန်ရာကျောင်းဝန်းအတွင်း မီးလောင်နေမှု တွေ့ရစဥ်

MT News

Written by Min Mahar

ဒီဇင်ဘာလ ၈ ရက် ညနေပိုင်းက နည်းပညာတက္ကသိုလ်(ပခုက္ကူ)ကျောင်းဝန်းအတွင်းသို့ အမည်မသိအဖွဲ့များက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ကျောင်းတွင်း ကိုင်းတောမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီခန့်​က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကျောင်းဝန်းအတွင်းသို့ အမည်မသိ အဖွဲ့များမှ တက္ကသိုလ်၏ အနောက် မြောက်ထောင့်ဘက်မှနေ၍ တက္ကသိုလ်ပင်မဆောင်ဂိတ် ပခုက္ကူ-ရေစကြိုကားလမ်းမကြီးဘေးတွင် လုံခြုံရေးဆောင်ရွက်နေသော SAC တပ်ဖွဲ့ဝင်များကို လက်လုပ်လက်နက်ကြီးများဖြင့် (၁၀)ချက်ခန့် ပစ်ခတ်ခဲ့ကြကြောင်း ကျောင်းအတွင်းနေထိုင်သည့် ဝန်ထမ်းများထံမှ သိရသည်။

“ညနေက လက်နက်ကြီးတွေနဲ့ ပစ်တာ အကုန်လန့်ကုန်ကြပြီး ဘုရားတနေရတယ်။ ဘယ်သူတွေ ဘယ်အဖွဲ့ကပစ်တာလည်းတော့မသိဘူး။ ကျောင်းပင်မဆောင်ဂိတ်မှာ စစ်သားတွေစောင့်နေတာကို လှမ်းပစ်တာဖြစ်မယ်။ ဒါပေမဲ့ ကျောင်းထဲမှာရှိတဲ့ ကိုင်းတောကိုမီးလောင်လို့ မီးသတ်ကားတွေနဲ့ ငြိမ်းလိုက်ရတယ်။ အခြားအဆောက်အဦနဲ့ လူတော့အထိအခိုက်မရှိလို့တော်သေးတယ်။ အရမ်းကြောက်စရာကောင်းလာပြီ။ ညတောင် ဘယ်လိုအိပ်ရမလဲ မသိတော့ဘူး။ ဘယ်အချိန် ဘယ်နေရာကနေလာပစ်မလဲလို့ တွေးပြီးစိတ်ပူနေရတယ်” ဟု ကျောင်းဝန်ထမ်းတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဆရာ/မ ဝန်ထမ်းအိမ်ယာ အဆောင်အမှတ်(C)၏ အနောက်ဘက်တွင်ရှိသော ကိုင်းတောသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုင်းတောပေ (၁၅၀) ပတ်လည်ခန့်အား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုဖြစ်ပွားရာသို့ ညနေ ၄ နာရီဝန်းကျင်ခန့်တွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦး၊ ရေသယ်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး မီးငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၂၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်ပေါက်ကွဲမှုကြောင့် တက္ကသိုလ်ဝန်းအတွင်းရှိ အဆောက်အဦများ၊ ဆရာ/မများ၊ ဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ လက်ရှိ နည်းပညာတက္ကသိုလ်(ပခုက္ကူ)တွင် ဆရာ/မများနှင့်ဝန်ထမ်းများအားလုံးပေါင်း ၁၁၉ ဦးရှိပြီး ကျောင်းသား/သူ ၁၄၈ ဦး တက်ရောက်ပညာသင်ကြားလျှက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *