October 20, 2024

၁၈.၃.၂၀၂၄
Written by Thin Zar

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ မိုးကောင်းကျေးရွာအထွက် မိုင်တိုင်အမှတ်- ၁၂၂ / ၃ နှင့် ၁၂၃/ ၁ အကြား၊ ရထားလမ်းပေါင်းကူးတံတားအရောက်တွင် ကျောက်တင်ရထားတစ်စီး မိုင်းဖောက်ခွဲခံရ၍ တွဲဆိုင်း ( ၂) တွဲ လမ်းချော်ပြီး ( ၅) တွဲတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မတ်လ ၁၈ ရက် နံနက် ၇ နာရီကျော်တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့နယ်၊ ကလိကျေးရွာသို့ သွားမည့် ကျောက်များတင်ဆောင်လာသည့် တွဲဆိုင်း(၁၄)တွဲပါသည့် မီးရထားမှာ KNU/PDF များမှ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိုကျောက်တင်ဆောင်လာသည့် တွဲဆိုင်းမှာ အဆိုပါဖြစ်စဥ်နေရာတွင် လမ်းချော်တိမ်းမှောက်ခဲ့ရသည်။

ထိုလမ်းချော်တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူများ ထိခိုက်မူမရှိခဲ့ကြောင်း၊ ပေါင်းကူးတံတားအရောက်တွင် KNU/PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲသဖြင့် တံတားဘယ်ဘက် အောက်ခံအုတ်ခုံဘောင်နှင့်ရထားလမ်း ပေ ၂၀ ခန့် ပျက်စီးသွားပြီး ရထားသံလမ်းအဆက်များ ပြုတ်ထွက်သောကြောင့် တွဲဆိုင်း(၂)တွဲ လမ်းချော်၍ (၅)တွဲ တိမ်းမှောက်ခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက် ည ၈ နာရီကျော်တွင်လည်း တောင်ငူမြို့အနီးရထားလမ်း ခပေါင်းတံတား မိုင်းခွဲခံရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *