October 20, 2024

MT News
၁၈. ၃. ၂၀၂၄

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေရှိနေတာကြောင့် ပြန်လည်စိစစ်ဖို့ ကြိမ်ဖန်များစွာ ညှိနှိုင်းခဲ့ပေမဲ့ လုပ်ဆောင်မပေးတာကြောင့် တပ်မတော်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစ အာဏာထိန်းသိမ်းချိန်မှာ NCA မှာ မပါဝင်တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သွေဖည်သွားသူတွေ၊ ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ သူတို့လက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်းတွေက နှစ်နှစ်တာကာလအတွင်း ပြည်သူ ၈၉၂၈ ဦးကို အနိုင်ကျင့်သတ်ဖြတ်ခဲ့သလို မီးရှို့၊ ဖျက်ဆီး၊ ဖောက်ခွဲတိုက်ခိုက်မှု ၁၂၄၃၇ ကြိမ်လုပ်ဆောင်မှုအပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ခုက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပါတီ ၂၄ ခု ထုတ်ပြန်ကြေညာချက်အရ အကြမ်းဖက်အဖွဲ့အစည်းတွေ တိုက်ခိုက်ဖျက်ဆီးမှုတွေဟာ လူနေအိမ်၊ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေ မီးရှို့ ဖျက်ဆီးမှု ၁၆၆၁ ကြိမ်၊ စက်ရုံ/ အလုပ်ရုံ/ စူပါမားကတ်တွေ မီးရှို့ဖျက်ဆီးမှု ၄၄ ကြိမ်၊ ရုံး/ အဆောက် အဦတွေကို အကြမ်းဖက်တိုက်ခိုက်မှု ၁၀၉ ကြိမ်၊ လမ်း/တံတားတွေကို ဖောက်ခွဲဖျက်ဆီးမှု ၈၅၆ ကြိမ်၊ ဌာနဆိုင်ရာရုံး/ အဆောက်အဦ မီးရှို့ဖျက်ဆီးမှု ၉၇၆ ကြိမ်၊ လက်ပစ်ဗုံး/ လက်လုပ်ဗုံး ပစ်ခတ်မှု/ တွေ့ရှိမှု ၁၉၄၆ ကြိမ်၊ ကျောင်း/ ရုံး/ အခြားနေရာများ လက်ပစ်ဗုံး ပစ်ခတ်မှု (ကွဲ/ မကွဲ/ တွေ့ရှိ) ၆၈၄၅ ကြိမ်နဲ့ အပြစ်မဲ့ပြည်သူတွေကို အနိုင်ကျင့်မှု၊ သတ်ဖြတ်မှု ၈၉၂၈ ဦး အထိရှိတယ်လို့ နိုင်ငံရေးပါတီ ၂၄ ခုကပြောပါတယ်။

ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေက နိုင်ငံတော်ရဲ့ အနာဂတ်ခရီး မှေးမှိန်ပျက်စီးစေသည်သာမက နိုင်ငံ့ဘဏ္ဍာငွေနဲ့ နှစ်ကာလကြာရှည်စွာ တည်ဆောက်ပေးခဲ့ရတဲ့ အခြေခံအဆောက်အဦတွေ ပြန်လည်တည်ဆောက် ပြုပြင်ပေးရမဲ့လုပ်ငန်းတွေက နိုင်ငံ့အနာဂတ်အတွက် အခက်အခဲများစွာ ရှိနေဦးမှာဖြစ်သလို ရုပ်ပိုင်းဆိုင်ရာထိခိုက်ဆုံးရှုံးမှုအပြင် စိတ်ပိုင်းဆိုင်ရာနဲ့ လူ့စွမ်းအား အရင်းအမြစ်ထိခိုက်ပျက်စီးမှုတွေလည်းရှိနေတာကြောင့် ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုကိုလည်း နားလည်စာနာမိတယ်ပြောပါတယ်။

ဒီလိုမျိုးနစ်နာမှုတွေကြောင့်လည်း နိုင်ငံရေးပါတီများအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်၊ ရှုတ်ချတယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ခုက သဘောထားထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *