October 20, 2024

၁၈. ၃. ၂၀၂၄
Written by Hey Mar

စိတ်ညစ်လို့ဆိုပြီး ကိုရင်တစ်ပါး ကြွေဂျီးချွတ်ဆေး(အက်စစ်) သောက်လိုက်တဲ့ ဖြစ်စဥ် ဒီနေ့ မတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းက ရွှေပြည်သာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ​မြင့်မြတ်စေတနာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ကိုရင်က အသက် ၂၇ နှစ်အရွယ် ဖြစ်ပြီး မနေ့က မတ်လ ၁၇ ရက်နေ့ကမှ စတင်ကာ သာသနာ့ဘောင်ကို ဝင်ရောက်တာဖြစ်ပြီး၊ အရက်ပြတ်အောင် မိသားစုက ကိုရင်ဝတ်ပေးလိုက်တာလို့ သိရပါတယ်။ ကိုရင်က ရွှေပြည်သာ ရတနာသိင်္ဂီ ကျောင်းတိုက်မှာလက်ရှိ သီတင်းသုံးတာလို့ သိရပါတယ်။

မြေပြင်ကူညီမှု ဆောင်ရွက်ခဲ့သူ မြင့်မြတ်စေတနာပရဟိတအသင်းမှ တာဝန်ရှိသူက ” ဂျီးချွတ်ဆေးက လက်နှစ်ဆစ်လောက်ဝင်သွားတယ်လို့ ပြောတယ်။ အခြေအနေက ၅၀ -၅၀ လောက်ပဲ။ သွေးအတုံးအခဲတွေ အန်တယ်။ အာခေါင်တွေ ပေါက်ပြဲနေတာ။ အစာအိမ်တွေ အူတွေ အတော်ထိလောက်တယ်။ သွေးကြောထဲက သွေးတွေတောင် ပျစ်လာတာမျိုး စုပ်ယူလို့ မရတာမျိုးပေါ့။ ဆေးရုံမှာကုသမှုခံယူနေတော့ မြင်တွေ့ခဲ့ရတာပါ။ မနက် ၄နာရီလောက်က ဖြစ်တာ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကြွေဂျီးချွတ်ဆေး သောက်လိုက်တဲ့ ကိုရင်ကို အင်းစိန်ဆေးရုံကြီးဆီ မြင့်မြတ်စေတနာ လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုဆက်လက်ခံယူနေဆဲလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *