October 20, 2024

၁၈. ၃. ၂၀၂၄
Written by Pan Ei

သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ဒီနေ့ (မတ်လ ၁၈ရက်) အစောပိုင်းက ပျံနေတဲ့ မိုးပျံပူဖောင်းတစ်ခုကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပါတယ်။

မိုးပျံပူဖောင်းဟာ မဲလ်ဘုန်းမြို့ရဲ့ မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်ကနေ နံနက်အစောပိုင်းက ပျံတက်ခဲ့ပြီး အဲ့ဒီအမျိုးသားဟာ လူတွေစီးတဲ့ ခြင်းတောင်းနေရာထဲမှာ ရှိနေခဲ့ခြင်းဖြစ်ကာ သူ ပြုတ်ကျမလာခင် ပူဖောင်းက လေထဲမှာ မိနစ် ၃၀ လောက် ရှိနေခဲ့တာပါ။

ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့က လူနေရပ်ကွက်တစ်ခုမှာ မိုးပျံပူဖောင်းကနေ ပြုတ်ကျ သေဆုံးခဲ့သူရဲ့ အလောင်းကို တွေ့ရှိခဲ့သလို အဲ့ဒီရပ်ကွက် ယာဉ်အသွားအလာ ပိတ်ထားခဲ့ပြီး မိုးပျံပူဖောင်းကတော့ လူရဲ့အလောင်းကို တွေ့ရှိတဲ့နေရာကနေ မိုင်ပေါင်းများစွာဝေးနေတဲ့ နေရာမှာ လုံခြုံစွာ ဆင်းသက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ မီးပုံးပျံကို မောင်းနှင်သူ၊ အခြား စီးနင်းသူတွေ၊ မျက်မြင်သက်သေတွေနဲ့လည်း စကားပြောဆိုကာ စုံစမ်းစစ်ဆေးလျက်ရှိပြီး အဆိုပါ ဖြစ်ရပ်ကို အလုပ်ခွင်နဲ့ လေကြောင်း လုံခြုံရေး ထိန်းညှိသူတွေကလည်း စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

မိုးပျံပူဖောင်းကုမ္ပဏီရဲ့တာဝန်ရှိသူတွေက သေဆုံးသူအမျိုးသားရဲ့ မိသားစုနဲ့ မိတ်ဆွေတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ခရီးသည်တွေ မတော်တဆပြုတ်ကျခြင်းကနေ ကာကွယ်ဖို့ လုံခြုံစိတ်ချရတဲ့ မီးပုံးပျံခြင်းတောင်းတွေကို ဒီဇိုင်းထုတ်ထားကြောင်း ကုမ္ပဏီက ဖော်ပြခဲ့တာအပြင် “ခရီးသည်တွေနဲ့ မောင်းနှင်သူကလည်း ဒီအဖြစ်ဆိုးကြောင့် သိသိသာသာ စိတ်ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်သူအားလုံးအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနဲ့ အကြံဉာဏ်တွေကို စီစဉ်ပေးနေတယ်” လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။

Ref; AP

Leave a Reply

Your email address will not be published. Required fields are marked *