၁၈.၃.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ နှင်းဆီမြိုင်ကျေးရွာ တိုက်ကြီး-ဖောင်ကြီးလမ်းဘေးတွင် မိဘကို မကျေနပ်၍ သားဖြစ်သူက နေအိမ်မီးရှို့မှု မတ်လ ၁၇ ရက် ည ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ သားဖြစ်သူက မိဘကို မကျေနပ်၍ နေအိမ် တံစက်မြိတ်ကို မီးစတင်ရှို့ရာမှ နေအိမ်နှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
“သားလုပ်တဲ့သူက မီးလာသတ်တဲ့သူတွေကိုတောင် တံစဥ်ကိုင်ပြီး ရန်ရှာနေလို့ တာဝန်ရှိသူတွေက ဝိုင်းဝန်းထိန်းသိမ်းပြီး မီးကိုငြှိမ်းလိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ်၂ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်နှင့် ကျေးရွာနေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့သည်။
နေအိမ်မီးရှို့မှုနှင့်ပတ်သက်၍ အသက် ၂၆ နှစ်အရွယ် ကိုမျိုးကျော်သက်ကို ပုဒ်မ ၄၃၆ ဖြင့် တိုက်ကြီးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။