October 18, 2024

၁၈. ၃. ၂၀၂၄
Written by Thettant

မန်ယူပရိသတ်တချို့ကလွဲရင် တစ်ကမ္ဘာလုံးက ဘယ်သူ့မဆို ဒီည မန်ယူနဲ့ လီဗာပူး FA ဖလား ကွာတားဖိုင်နယ်မှာ ဘယ်သူနိုင်မလဲမေးမယ်ဆို လီဗာပူးနိုင်မယ်လို့ပဲပြောမှာ​ပါ။ နည်းပြအရည်အသွေး၊ ကစားသမားအရည်အသွေး၊ ကစားကွက်၊ တစ်ဦးချင်းအရည်အချင်း အစစအရာရာ လီဗာပူးကသာနေသလို ရာသီကုန်ထွက်ခွာတော့မဲ့ ကလော့အတွက် လီဗာပူးအသင်းသားတွေက ရနိုင်သမျှဖလား လက်ဆောင်ယူပေးကြမယ်ထင်လို့ပါ။

ဒါပေမဲ့လည်း အထင်က အထင်ပဲဖြစ်ပြီး တကယ့်တကယ့်ယှဥ်ပြိုင်ရာမှာတော့ ရာဇဝင်ထဲကသမိုင်းပြိုင်ဘက် ကြိုးကြာတွေကို သရဲနီတွေက အိပ်မက်ကဇာတ်ရုံမှာ လှလှပပ အနိုင်ယူသွားခဲ့ပါတယ်။

ပွဲပယ်နဲ့ လူနာတွေအရမ်းများနေတဲ့ သရဲနီတွေဟာ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပြီး ဒါးလော့နဲ့ ဝမ်ဘိဆာကာကို ဘယ်ညာအစွန်ခံစစ်ထားပြီး လင်ဒီလော့ဖ် ဗာရိန်းတို့နဲ့တွဲ တော်မီနေးနဲ့မိန်းနူးတို့ကို ကွင်းလယ်ခံစစ်ထား ဂါနာချိုနဲ့ရက်ရှ်ဖို့တို့က တောင်ပံနဲ့ ဖာနန်ဒက်ဇ်က ကွင်းလယ်မှာနေရာယူပြီး ဟွိုင်လန်းကိုအထောင်ထားခဲ့ရတဲ့အထိ လူစာရင်းမငြိမ် အကောင်းဆုံးလူစာရင်းနဲ့ ပွဲမထွက်နိုင်ချိန်မှာ လီဗာပူးကတော့ သူ့အကောင်းဆုံးလို့ပြောရမဲ့သူတွေနဲ့ ပွဲထွက်ခဲ့တာတွေ့ရပြီး ၄-၃-၃ နဲ့ အကောင်းဆုံးရင်ဆိုင်ခဲ့တာပါ။

ပွဲကစားချိန်တွင်းမှာလည်း ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဖြတ်တင်ဘောတွေ၊ ပွဲကိုထိန်းချုပ်နိုင်စွမ်းတွေက လီဗာပူးသာနေတာဖြစ်ပေမဲ့လည်း ဂိုးကန်သွင်းခွင့်မှာ မန်ယူက ၂၈ ကြိမ်နဲ့ ကန်သွင်းမှု ၃ ကြိမ်ပိုခဲ့ပြီး ဂိုးပေါက်တည့်မှုမှာတော့ ၁၁ ကြိမ်စီနဲ့ ထပ်တူဖြစ်ပေမဲ့ ဂိုးပေါက်ကာကွယ်နိုင်စွမ်းမှာတော့ ဝေဖန်ခံအိုနားနားက ကယ်လက်ချာထက်သာပြီး ၈ ကြိမ်ကာကွယ်နိုင်သွားလို့ လီဗာပူးက ၄ ဂိုး ၃ ဂိုးနဲ့ရှုံးခဲ့ရတာပါ။

ဒီနေ့ပွဲမှာ မန်ယူအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူတွေက ဂါနာချိုနဲ့ တော်မီနေးလို့ပြောရမှာပါ။ သူတို့နှစ်ယောက်ရဲ့ အတိုးအလှုပ်တွေကို ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးဆိုတဲ့ ဗန်ဒိုက်ဦးဆောင်တဲ့ လီဗာပူးခံစစ်က မထိန်းချုပ်နိုင်ခဲ့လို့ ပွဲကစားချိန် ၁၀ မိနစ်တင် တော်မီနေးက အဖွင့်ဂိုးကို လှလှပပသွင်းယူခဲ့တာပါ။ ဒါပေမဲ့ ပထမပိုင်းတင် ပွဲချိန် ၄၄ မိနစ်နဲ့ နာကျင်အချိန်ပို ၂ မိနစ်မှာ အယ်လစ်စတာနဲ့ဆာလားက နှစ်ဂိုးဆက်တိုက်သွင်းယူသွားလို့ ပထမပိုင်းကတော့ အိပ်မက်ကဇာတ်ရုံခြောက်ကပ်သွားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာလည်း အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ကြည့်ကောင်းခဲ့တာဖြစ်ပြီး ၂ ဂိုး ၁ ဂိုးနဲ့ လီဗာပူးနိုင်တော့မယ်ထင်ချိန် အန်တိုနီက ၈၇ မိနစ်ကြမှ ချေပဂိုးသွင်းခဲ့လို့ ၂ ဂိုးသရေနဲ့ အချိန်ပိုဆက်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ပွဲကစားချိန် ၁၀၅ မိနစ်မှာတော့ အဲလိယော့က ပွဲပြီးသွားမယ်ထင်မှတ်ရမဲ့ တတိယဦးဆောင်ဂိုး ထပ်သွင်းယူသွားလို့ ပင်နယ်လ်တီကြည့်ရမယ်ထင်ထားတဲ့ပရိသတ်တွေ စိတ်ညစ်သွားရပေမဲ့ မထူးဇာတ်ခင်းလာပုံရတဲ့ သရဲနီတွေကတော့ ဆက်တိုက် တိုက်စစ်ဆင်လာပြီး ပွဲချိန် ၁၁၂ မိနစ်မှာ ချေပဂိုးသွင်းသွားခဲ့တာပါ။

ဒီနေ့ပွဲမှာ ရယ်စရာနဲ့အမှတ်တရဖြစ်စေတာကတော့ အနိုင်ဂိုးရှင် အာမက်ဒီယာလိုပါ။ သူက ပွဲချိန် ၈၅ မိနစ်ကြမှ ဗာရိန်းအစား လူစားဝင်လာတဲ့သူပါ။ ဒါပေမဲ့ ၁၁၆ မိနစ်မှာ အဝါကတ်ပြခံရပြီး ၁၂၀ + ၁ မှာ ကြိုးကြာတွေကို သေပွဲဝင်စေမဲ့ အနိုင်ဂိုးသွင်းပြီး အင်္ကျီချွတ်အောင်ပွဲခံလိုက်တာပါ။ အဲဒါကြောင့် အဝါကတ် ထပ်အပြခံလိုက်ရပြီး အနိုင်ဂိုးသွင်းရှင် ဒီယာလိုက နှစ်ဝါတစ်နီနဲ့ ကွင်းပြင်ထွက်သွားရတာဖြစ်ပြီး သူကိုယ်တိုင်ကလည်း လက်ကျန်တစ်မိနစ်ကျော် တစ်ယောက်လျော့နဲ့မန်ယူကစားရတာ၊ ပွဲအပြီးမှာ လီဗာပူးလိုမဟာပြိုင်ဘက်ကို ကန်ထုတ်နိုင်တဲ့ အနိုင်ဂိုးရှင်အဖြစ် အောင်ပွဲခံရမဲ့အချိန်မရှိနိုင်လိုက်တာနဲ့ပတ်သက်ပြီး “ကျွန်တော် ပထမအဝါကတ်ကို မေ့သွားတာ”လို့ ပြောခဲ့သေးတာပါ။

ဘာပဲပြောပြော ဒီနေ့ပွဲဟာ အကြိတ်အနယ်ရှိရှိ ဖျော်ဖြေရေးဆန်ဆန်နဲ့ အချောင်ကန်သွင်းတဲ့ဂိုးတွေမပါဘဲ လှလှပပ ဂိုးသွင်းမှုတွေနဲ့ ကြည့်ကောင်းခဲ့တာပါ။ ကလော့ကို ဖလားလေးလုံးနဲ့နှုတ်ဆက်ချင်တဲ့ လီဗာပူးအဖို့တော့ နွေဦးအိပ်မက်တွေ မှုန်ဝါးလို့ပျောက်ကွယ်ခဲ့ရသလို မန်ယူအဖို့လည်း မေ့တတ်လွန်းသူကြီးအာမက်ဒီယာလိုရဲ့ အဖိုးတန်အနိုင်ဂိုးနဲ့ ဆီမီးဖိုင်နယ်မှာ ကိုဗင်ထရီကို ဆုံရတော့မှာဖြစ်လို့ ဖိအားဒဏ်ခံ တန်ဟက်အတွက်တော့ ဖလားတစ်လုံးနီးစပ်ပြီး ရက်ကလစ်ဖ်ဆီမှာ မျက်နှာပန်းလှဖို့များလာပါတယ်။

ဘာပဲပြောပြော ဒီနိုင်ပွဲဟာ အာမက်ဒီယာလို၊ တန်ဟက်နဲ့ မန်ယူတစ်သင်းလုံးအတွက် ပျော်စရာဖြစ်သလို ပိုပြီးပျော်နေကြတာကတော့ ကမ္ဘာတဝှမ်းက မန်ယူပရိသတ်တွေဖြစ်မှာပါ။ မန်ယူအသင်း ဒီလိုရုန်းတာ၊ အရှုံးကနေအကြိမ်ကြိမ်ပြန်ချေပပြီး အနိုင်ယူပြနိုင်တဲ့သရဲနီဝိဉာဏ်ကို မမြင်ရတာကြာနေတာ၊ မြင်မဲ့မြင်ရတော့လည်း မဟာပြိုင်ဘက်ကြီးလီဗာပူးကို အဓိကကြတဲ့ဖလားတစ်လုံးကနေ အိပ်မက်တွေရိုက်ချိုးရင်း ကန်ထုတ်မှုကို မြင်ရတာဆိုတော့ သေချာတာက ဒီ​နေ့မိုးလင်းတာကစ တစ်နေ့တာလုံးလိုလို မြန်မာပြည်က Facebook ပေါ်မှာ “ဒီနေ့ ဂိတ်ပိတ်သည်”ဆိုပြီး စနောက်ပို့စ်တွေ ပွက်လောရိုက်ကြဦးမှာလို့ပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *