၁၇. ၃. ၂၀၂၄
Written by Thettant
ခမာမြေမှာ ဒီနေ့လယ်က ကျင်းပတဲ့ Mas Fight Cambodia ရဲ့ ခေါင်ပွဲအဖြစ် ခမာနာမည်ကျော်ဖိုက်တာ ဖားဆိုဖွန်းနဲ့ မြန်မာ့ကျားပါးသွေးသစ်မောင်တို့ထိုးသတ်ပွဲမှာ ထုံးစံအတိုင်း မြန်မာဖိုက်တာတွေ ရှုံးခဲ့ပြန်ပါတယ်။
ရာမန်ကို ပရွမ်ဆန်နန်းက အောက်ခြေကန်ချက်နဲ့ အလဲထိုးခဲ့တာ အားကျပုံရတဲ့ ဖားဆိုဖွန်းက ဒီနေ့ပွဲ ပထမအချီမှာ သွေးသစ်မောင်ကို အောက်ခြေထောက်ရှင်းပြီး ခြေကန်ချက်တွေနဲ့ တစ်ချိန်လုံးတိုက်စစ်ဆင်နေတာ တွေ့ရပေမဲ့ သွေးသစ်မောင်ကတော့ ခြေကန်ချက်တွေတိမ်းရှောင်ရင်း Body shot တွေ အားပြုထိုးတာ တွေ့ရပါတယ်။
သွေးသစ်မောင်ဟာ ဒီနေ့ပွဲမထိုးခင်တင် ကရင်ပြည်နယ်အချစ်တော် မင်းကျော်ဇနဲ့ မတ်လ ၁၃ ရက်ကမှ ထိုးထားရပြီးမှ ခမာမြေကိုတက်သုတ်ရိုက်ပြေးခဲ့ရလို့ ခရီးပန်း ပွဲပန်းနေတာပါ။ ပထမအချီမှာ နှစ်ယောက်စလုံး မယ်မယ်ရရထိုးကွက်မရှိသလို ထူးထူးခြားခြားလည်း ထိုးသတ်နိုင်တာ မတွေ့ရပါဘူး။
ဒုတိယအချီမှာ ဖားဆိုဖွန်းက ပိုတိုက်စစ်ဆင်နိုင်သလို သွေးသစ်မောင်ကတော့ ဆုတ်ရင်းရှောင်ရင်း ကျွံလာချိန် ထောက်လက်သီးတွေနဲ့ ပြန်တုံ့ပြန်ပေမဲ့ ဖားဆိုဖွန်းရဲ့ လက်သီးတွေ၊ ကန်ချက်တွေကိုပဲ အထိမနာရအောင် ရှောင်နေရတဲ့ပုံစံပါ။ ပွဲပြီးကာနီးမှာ ဖားဆိုဖွန်းရဲ့ လက်သီးတစ်ချက် မိသွားသေးသလို ခရာမှုတ်ချိန်လည်း ကန်ချက်တစ်ချက်ပခုံးကို ထိသွားတဲ့ဒီအချီကလည်း သွေးသစ်မောင် ထိချက်ထိုးချက်နိမ့်ပါတယ်။
တတိယအချီမှာလည်း ဖားဆိုဖွန်းကပဲ တိုက်စစ်ကိုဦးဆောင်ခဲ့သလို သွေးသစ်မောင်က အနိမ့်ဖြစ်ပြီး ပွဲပြီးကာနီး စက္ကန့် ၄၀ အလိုမှာ ခြေကန်ချက်မိ ဖင်ထိုင်ကျခဲ့ပြန်ပါသေးတယ်။ ခြုံကြည့်ရမယ်ဆို ဒီနေ့ပွဲမှာ သွေးသစ်မောင်က အလဲထိုးမခံရတာကလွဲရင် လက်ရည်ကွာဟသလို အနိမ့်နဲ့ခံစစ်ပဲထိုးသွားရတာပါ။ ဒါကြောင့်လည်း ရှုံးတာပါ။
ချန်ပီယံဟောင်း ထွန်းထွန်းမင်းဟာ ခမာမြေမှာ ပရွမ်ဆန်နန်းကို နှစ်ကြိမ်ရှုံး၊ ရာမန်ဟာလည်း ပရွမ်ဆန်နန်းကို အလဲထိုးနဲ့ရုပ်ပျက်ဆင်းပျက်ရှုံး၊ အဲမွီကလည်း ဖားဆိုဖွန်းကို ရှုံးမို့လို့ ခမာလက်ဝှေ့သမားတွေကို မြန်မာ့လက်ဝှေ့ကျော်တွေမနိုင်တာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။ ဒီတစ်ကြိမ်မှာလည်း သွေးသစ်မောင်က ဖားဆိုဖွန်းကို ထပ်ရှုံးတာမို့လို့ရေခပ်ရပြီးရော အရည်အသွေးမတူတဲ့လက်ဝှေ့သမားတွေကို အနိမ့်အနေအထားနဲ့ သွားပြီးထိုးသတ်နေတာရပ်မှပဲ ခမာမြေမှာကျပြီးရင်းကျနေတဲ့ မြန်မာ့ရိုးရာကျားတွေ သိက္ခာပြန်အဖတ်ဆည်နိုင်တော့မှာလို့ ပြောရင်း….။