၁၇.၃.၂၀၂၄
Written by Thin Zar
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့တွင် တစ်နေ့ထဲ စိတ်မနှံ့သည့် အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။
ဖြစ်စဥ်များမှာ မတ်လ ၁၇ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် ရေးမြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းမကြီး၊ ကြိုးတံတားရွာနှင့်စံပြရွာကြားတွင် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုပ် သေဆုံးနေကြောင်း ဒေသခံလူမူကူညီရေးအသင်းသို့ ပြည်သူများမှ ဖုန်းဆတ်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့သွားရောက်သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသတ်ဖြတ်ခံရသည့် အမျိုးသားမှာ စိတ်မနှံ့သူဖြစ်ပြီး ၎င်း၏လည်ပင်း၌ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးသည့် ဒဏ်ရာများတွေ့ရှိကြောင်း သိရသည်။
အလားတူ မတ်လ ၁၇ ရက်တွင်ပင် ရေးမြို့၊ သံဖြူဇရပ်-ရေးလမ်းမပေါ်ရှိ ကြိုးတံတားစစ်ဆေးရေးဂိတ်၌ မတ်တပ်ရပ်နေသည့် စိတ်မနှံ့သူ အမျိုးသားရှိသည့် နေရာသို့ မော်တော်ဆိုင် ကယ်ဖြင့် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး ထိုစိတ်မနှံ့သည့် အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
“ဒီနေ့ တစ်ရက်ထဲ စိတ်မနှံ့တဲ့ အမျိုးသားနှစ်ယောက်ကို ဘာရည်ရွယ်ချက်နဲ့ သတ်လည်းမသိဘူး။ တစ်ယောက်က လည်ပင်းမှာဒဏ်ရာနဲ့သတ်ခံရတယ်။ တစ်ယောက်က ရင်ဘက်နဲ့ ပါး အပစ်ခံရတယ်။ သတ်တဲ့သူတွေကိုတော့ မဖမ်းမိသေးဘူး”ဟု ရေးမြို့ဒေသခံတစ်ဦးက ဆိုသည်။
ထိုစိတ်မနှံ့သည့် အမျိုးသားနှစ်ဦးကို ဒေသခံလူမူကူညီရေးအသင်းများမှ လမိုင်းဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။