၁၇.၃.၂၀၂၄
Written By Thandar
၂၀၂၄ ခုနှစ် မက်ဆီကို နိုင်ငံမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ဖို့ တီထွင်ချုပ်လုပ်ထားတဲ့ ဝတ်စုံဖန်တီးမှုမှာ မြန်မာ့ဇာတ်သဘင်ရဲ့ အ မြတ်တနိုး အလေးအနက်ထားရတဲ့ သဘင်မင်းသားခေါင်းပေါင်းကို ဇာအပါးအမျိုးသမီးရင်သားဖော်ဂါဝန်ကို တွဲဖက်ဖန်တီးထားတဲ့ ဒီဇိုင်းဝတ်စုံအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ကအတွင်းရေးမှူး ဦးနေဝင်းက MT Entertainment ကို ပြောပါတယ်။
“သဘင်ရဲ့ပုံရိပ်ဖြစ်တဲ့ အမြတ်တနိုးဖြစ်တဲ့ ဇာတ်မင်းသားတွေ ခေါင်းပေါ်မှာပေါင်းတဲ့ ခေါင်းပေါင်းကို အဲဒီလို တီထွင်ဖန်တီးမှုမှာထည့်ပြီး ဆောင်ရွက်တာကို လက်မခံပါဘူး။ သူ့ရဲ့ တီထွင်ဖန်တီးမှုကလည်း တစ်နည်းအားဖြင့် ပြောရရင် နိုင်ငံ ရဲ့ ပြယုဂ်မဖြစ်ဘူး။ ဖျက်လိုဖျက်ဆီး ပုံစံမျိုးရောက်တဲ့အတွက် သဘင်က ဒါကို လက်မခံပါဘူး။ နောက် အောက်မိန်းမလေးက ခေါင်းပေါင်းနဲ့ ရင်သားပေါ်လောက်မယ့် ဇာအပါးရယ်ကို ဂါဝန်အနေနဲ့တွဲဖက်ထားတာ တော်တော်ဆိုးတယ်။ အဲဒါကြောင့် တရားဝင်သဘင်က ကန့်ကွက်ပါတယ်။ တားမြစ်ပါတယ်။ ဒီဇိုင်နာတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ဖန်တီးမှုက သဘင်လောကအတွက် မဖြစ်သင့်လို့ လုံးဝကိုတားမြစ်တာ ကန့်ကွက်တယ်။ သူတို့ ဆက်ပြီး ဆောင်ရွက်မယ်ဆိုရင် နိုင်ငံမှာရှိတဲ့ တာဝန်ရှိတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာနရော ဆက်သွယ်ဆောင်ရွက်ပြီး လိုအပ်တဲ့ အရေးယူမှုတွေကို ဆက်လုပ်ဖို့ရှိပါတယ်”လို့ ဦးနေဝင်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဝတ်စုံဒီဇိုင်းဟာ မြန်မာ့ဇာတ်သဘင်ရဲ့ အမြတ်တနိုးအလေးအနက်ထားရတဲ့ သဘင်မင်းသား ခေါင်းပေါင်းနဲ့ အမျိုးသမီးဂါဝန်ကို တွဲဖက်ထားတာ၊ ရိုးရာသဘင်မင်းသားခေါင်းပေါင်း ပေါင်းပြီး ရင်သားဖော်ပြီး ချုပ်လုပ် ဝတ်ဆင်ထားတာက မည်သို့မျှ မသင့်တော် မအပ်စပ်ဘူးလို့ သိရပါတယ်။ မြန်မာ့ဇာတ်သဘင်ယဉ်ကျေးမှုကို ထိပါး စော်ကားရာ ရောက်တဲ့ Miss Universe ပြိုင်ပွဲဝင် ဝတ်ဆင်မှုကို မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချပြီး အလေးအနက် သတိပေးတားမြစ်ထားတာဖြစ်ပါတယ်လို့ ယနေ့ မတ်လ ၁၇ ရက်မှာ မြန်မာနိုင်ငံသဘင်အစည်းအရုံးကထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခင်နှစ်တချို့ကလည်း ဖက်ရှင်တစ်ခုအနေနဲ့ မြန်မာ့ရိုးရာ သဘင်ဝတ်စုံကို တီထွင်ဖန်တီး ဝတ်ဆင်မှုတွေကြောင့် ပုံပျက်ပန်းပျက်သရုပ်ပျက်ဝတ်စုံဖြစ်ခဲ့တဲ့အတွက် ခေါ်ယူတားမြစ် ဝန်ခံကတိတွေ လက်မှတ်ထိုးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
“တီထွင်ဖန်တီးမှုဆိုတာက ဒီဇိုင်နာတစ်ဦးရဲ့ ဦးနှောက်နဲ့ လျှောက်လုပ်ထားတဲ့အရာတွေပါ၊ အဲ့လိုမျိုး လျှောက်လုပ်တာက နိုင်ငံ့အတွက် သဘင်အတွက် ဘယ်လောက်ထိ ထိခိုက်လဲဆိုတာ သူမှမသိတာ။ လူတစ်ယောက်ရဲ့ ဦးနှောက်သေးသေးလေးနဲ့ လုပ်ချင်တာ လျှောက်လုပ်တာက အဆင်မပြေဘူး။ နောက် တစ်ခုက ဝတ်စားထားတဲ့ အမျိုးသမီးကလည်း ရင်သားတွေ အရမ်းပေါ်တာတွေနဲ့ မင်းသားခေါင်းပေါင်းနဲ့က ဘယ်လိုမှ မအပ်စပ်ပါဘူး”လို့ သူက ဆက်ပြောပါတယ် ။
အဆိုပါ ဝတ်စုံကိုတော့ မော်ဒယ် စင်ဒီမြတ်က ဝတ်ဆင်ပြသထားပြီးတော့ ဒီဇိုင်နာခင်စုစုအောင်ရဲ့ ဒီဇိုင်းပုံကြမ်းတွေကို Fashion & Artistry Exhibition Page မှာ မတ် ၁၆ ရက်က တင်ထားခဲ့တာဖြစ်ပါတယ်။