၁၇. ၃. ၂၀၂၄
Written by Ye Kyaw
သင်္ကြန်ကာလပြီးပါက ဗုဒ္ဓဂါယာခရီးသွားရာသီ ကုန်ဆုံးမည်ဖြစ်၍ လက်ရှိတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းများအနေဖြင့် ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်ကို အများဆုံးစီစဉ်ဆောင်ရွက်နေရကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဉ်တွေဆိုရင် ဒီအချိန်မှာ အများဆုံးထွက်ကြတယ်ပေါ့။ အဖွဲ့တိုင်းကနေပြီးတော့ ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဉ်တွေဆိုလည်း ခရီးစဉ်က ပုံမှန်အားဖြင့်ဆိုရင် ၈ ရက်၊ ၉ ရက်ပေါ့။ ဒီသင်္ကြန်ပိတ်ရက်မှာ အများဆုံး သွားကြတာများတယ်။ ဒီသင်္ကြန်ပြီးသွားရင်လည်း အချို့ခရီးသွားလုပ်ငန်းတွေအနေနဲ့က ရာသီကုန်ပြီဖြစ်တဲ့အတွက် ပိတ်သိမ်းပြီပေါ့။ ဗုဒ္ဓဂါယာလုပ်ငန်းတွေလည်း သင်္ကြန်ပြီးသွားရင် သွားရောက်လည်ပတ်မှု မရှိတော့ဘူး” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ပြည်တွင်း ခရီးသွားလုပ်ငန်းကုမ္ပဏီများအနေဖြင့် ဧပြီလ (သင်္ကြန်နောက်ပိုင်း)တွင် ခရီးသွားလုပ်ငန်းများ အထိုက် အလျောက် ရပ်နားရမည်ဖြစ်၍ လက်ရှိအချိန်မှစ၍ သင်္ကြန်ကာလအထိကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်း၌ နယ်မြေမအေးချမ်းမှုကြောင့် ယခုသင်္ကြန်ပိတ်ရက်တွင် ရက်ရှည်ခရီးစဉ်ထက် ရက်တိုခရီးစဉ်များကိုသာ သွားရောက်မှုရှိပြီး ရက်ရှည်ခရီးစဉ်များအဖြစ် ဥရောပနှင့် အာဆီယံနိုင်ငံများသို့ သွားရောက်မှုများပြားနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြီးခဲ့သည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပိတ်ရက်များတွင် ပြည်ပသို့ ရက်တိုခရီးစဉ်များသာ သွားရောက်ခဲ့မှုရှိသော်လည်း ယခုသင်္ကြန်ရုံးပိတ်တွင်မူ ဥပရောခရီးစဉ်များတွင် နှစ်နိုင်ငံ၊ သုံးနိုင်ငံတွဲသွားရသည့် ရက်ရှည်ခရီးစဉ်များနှင့် အာဆီယံနိုင်ငံများသို့လည်း နှစ်နိုင်ငံတွဲသွားရသည့်ခရီးစဉ် သို့မဟုတ် တစ်နိုင်ငံတည်းတွင် နေရာအစုံရောက်ရှိမည့် ရက်ရှည်ခရီးစဉ်များကို ရွေးချယ်မှုများကြောင်း သိရသည်။
Photo- New Motion Travels & Tours