၁၇.၃.၂၀၂၄
Written by Thin Zar
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု ပဒိုင်းချောင်းကျေးရွာမှ မတ်လ ၁၁ ရက်ကတည်းက ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်ကို အဆိုပါရွာရှိ စိုက်ပျိုးရေးခြံထဲတွင် မတ်လ ၁၆ ရက် နံနက်ပိုင်းမှ ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ရသည်။
ဖြစ်စဥ်မှာ အဆိုပါ ပဒိုင်းချောင်းကျေးရွာနေ ဦးသန်းနိုင်၊ ဒေါ်ဌေးရီတို့၏ သမီးငယ် မပန်းအိဖြိုးမှာ မတ်လ ၁၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်းနေထိုင်သည့်နေရာမှာ ဖုန်းလိုင်းမမိသောကြောင့် အပြင်ထွက်ပြီး ဖုန်းဆက်မည်ဆိုကာ မိခင်ဖြစ်သူထံ ခွင့်တောင်း၍ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုနေ့မှစ၍ မပန်းအိဖြိုးမှာ ပျောက်ဆုံးနေ၍ မိဘများနှင့်တာဝန်ရှိသူများမှ လိုက်လံရှာဖွေရာ ၎င်းနေထိုင်သည့် နေအိမ်နှင့်တစ်မိုင်ခန့်ကွာသည့် ပဒိုင်းချောင်းကျေးရွာရှိ စိုက်ပျိုးရေးခြံထဲ မှောက်လျက်အနေအထားဖြင့် ပုခုံးတွင် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရသည်။
လက်ရှိတွင် တရားခံများဖမ်းမမိသေးသလို ဖြစ်စဥ်ကိုလည်း မသိရှိရသေးဘဲ မပန်းအိဖြိုး၏ ရုပ်အလောင်းကို ပဒိုင်းချောင်းရွာသုသာန်တွင် ထားရှိထားပြီး အသတ်ခံရသည့်ဖြစ်စဥ်နှင့် တရားခံများ စုံစမ်းလျက်ရှိသည်။
ပုံစာ။ မပန်းအိဖြိုး ရှင်သန်စဥ်ပုံံရိပ်