October 23, 2024

ပြည်တွင်း အရောင်းစင်တာတစ်ခုကို တွေ့ရစဥ်

MT News

Written By A Thaung

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်များ ထုတ်ပေးခြင်းကို ကြာမြင့်စွာရပ်ဆိုင်းထားခြင်းကြောင့် ကားအရောင်းစင်တာများတွင် ပြန်လည်ရောင်းချမည့်ကား မရှိသလောက်နည်းပါးသွားကာ အရောင်းစင်တာအချို့မှာ Deposit ငွေပြန်ထုတ်ပြီး လုပ်ငန်းပိတ်သိမ်းရန်စီစဉ်နေကြောင်း မော်တော်ကားတင်သွင်းရောင်းချသူ လုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရသည်။

ပြည်တွင်းနိုင်ငံခြားငွေကြေး လိုအပ်ချက်ကြီးမားလာမည့်အခြေအနေနှင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှ မော်တော်ယာဉ်အပါအဝင် အခြားဇိမ်ခံပစ္စည်းများ တင်သွင်းခွင့်ပိတ်ထားသည်မှာ ခြောက်လနီးပါးကြာမြင့်ခဲ့ပြီးနောက် ယခုကဲ့သို့ ပိတ်သိမ်းရန်စီစဉ်နေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ပြောသည်။

“အရောင်းစင်တာတွေကို ကားတင်သွင်းခွင့်မပေးတော့ ငွေလွှဲကင်းလွတ်ခွင့်တောင်းပြီးတော့ ပိတ်ဖို့လုပ်နေကြတာပေါ့။ အခွန်ရှင်းပြီးမှ Deposit ထုတ်လို့ရမယ်။ အခွန်မရှင်းဘဲနဲ့တော့ ထုတ်လို့မရဘူး။ အခွန်ရှင်းပြီးတော့မှပဲ ပိတ်သိမ်းခွင့်ပြုမှာ။ ငွေလွှဲကင်းလွတ်ခွင့်လည်း ပေးတယ်။ နေပြည်တော်တို့လိုနေရာတွေကျတော့ ရပ်သွားတာပေါ့။ ရန်ကုန်ကတော့ အားလုံး ဒီအတိုင်းပဲ။ စည်ပင်လိုင်စင်ရှိနေတော့ နောက်ပိုင်း အရောင်းပြခန်းတွေ ပြန်ဖွင့်လို့ရတယ်” ဟု ၎င်းကပြောသည်။

ယခုပိတ်သိမ်းရန်စီစဉ်နေသည့် အရောင်းစင်တာများမှာ မြေငှားရမ်းထားသူများဖြစ်ပြီး မြေငှားဖြင့်လုပ်ကိုင်သူများမှာ လုပ်ငန်းပိတ်သိမ်းအပ်နှံသွားကြကြောင်း ၎င်းက ပြောသည်။

အရောင်းစင်တာလိုင်စင်ရှိပါက အရောင်းပြခန်းဖွင့်လှစ်ရန်လွယ်ကူသည့်အတွက် အချို့အရောင်းစင်တာများမှာ ပိတ်သိမ်းခြင်းမပြုသေးဘဲ အရောင်းပြခန်းဖွင့်လှစ်ရန် ပြင်ဆင်နေကြကြောင်း MT News က စုံစမ်းသိရသည်။

နေပြည်တော်တွင် အရောင်းစင်တာအနည်းငယ်သာရှိပြီး SKD ကားများရောင်းချနေသည့် အရောင်းပြခန်းများသာ အများအပြားရှိနေကာ ၎င်းတို့မှာလည်း ရောင်းကားမရှိသည့်အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း နေပြည်တော်အခြေစိုက် BO HEIN Auto မှ မန်နေဂျင်းဒါရိုက်တာ ကိုဗိုဟိန်းက ပြောသည်။

“အရောင်းစင်တာတွေ အဲဒီလိုမျိုးပိတ်သွားတယ်ဆိုတာတော့ မရှိသေးပါဘူး။ ဟိုးရက်ကတော့ ဘဏ်နဲ့ငြိလို့ နားသွားတဲ့ အရောင်းစင်တာတော့ရှိတယ်” ဟု ၎င်းကပြောသည်။

ကားအရောင်းစင်တာများအနေဖြင့် လုပ်ငန်းလုပ်ကိုင်လိုပါက နိုင်ငံတော်သို့ ယခင်က Deposit ငွေကျပ် သိန်း ၅၀၀ တင်ပြရပြီး SAC လက်ထက်တွင် ငွေကျပ်သိန်း ၁၀၀၀ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့သည်။ ထို့အပြင် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်အား ခြောက်လတစ်ကြိမ် သက်တမ်းတိုးရမည်ဖြစ်ပြီး ထိုစည်းကမ်းချက်အတိုင်း လုပ်ကိုင်ခြင်းမပြုပါက လုပ်ငန်းလိုင်စင်ပျက်ပြယ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *