
ရွေးကောက်ပွဲ ပထမနေ့၌ မဲရုံများတွင် အကြမ်းဖက်ရမ်းကားမှုအချို့ဖြစ်ပွား
၁၆.၃.၂၀၂၄.
Translated by Htwe Ko Tun
ရုရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲတစ်ရပ်ကို မတ်လ ၁၅ ရက်မှစ၍ သုံးရက်ကြာကျင်းပလျက်ရှိပြီး သဘောထားကွဲလွဲမှုများကို ထိန်းချုပ်နှိမ်နင်းထားနိုင်မှုကြောင့် လက်ရှိသမ္မတပူတင်အဖို့ နောက်ထပ် ခြောက်နှစ် သမ္မတ သက်တမ်းဆက်လက်အနိုင်ရရှိရန် သေချာသလောက်ပင်ဖြစ်ကြောင်း သိရသည်။
မဲပေးပွဲစတင်ခဲ့သည့် မတ်လ ၁၅ ရက်၌ပင် မီးလောင်ဗုံးတစ်လုံးပစ်ခြင်းနှင့် မဲသေတ္တာများအတွင်း အစိမ်းရောင်အရည်များလောင်းထည့်ခြင်း စသော လုပ်ဆောင်ချက်များအပါအဝင် မဲရုံအချို့၌ လူရမ်းကားတို့၏ အကြမ်းဖက်ရမ်းကားလုပ်ဆောင်မှု အနည်းဆုံး ဒါဇင်ဝက်ခန့်ရှိခဲ့ကြောင်း သိရသည်။ မဲပေးပွဲများကို ယူကရိန်းထံမှ သိမ်းယူရရှိထားသောနယ်မြေများနှင့် အွန်လိုင်းတို့မှလည်း ပြုလုပ်သွားမည်ဖြစ်ရာ ယူကရိန်းအစိုးရနှင့် အနောက်အုပ်စုကမူ ကန့်ကွက်ရှုတ်ချနေကြကြောင်း သိရသည်။
သမ္မတ ပူတင်ကမူ ကရင်မလင်တွင် အွန်လိုင်းမှမဲပေးသွားမည်ဟု သိရသည်။ မဲပေးကာလသုံးရက်အတွင်း မဲရုံပေါင်းတစ်သိန်းနီးပါးတွင် မဲပေးမှုများကို မတ်လ ၁၇ ရက်အထိ ပြုလုပ်သွားကြမည်ဖြစ်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ လေ့လာသူများ၊ မဲပေးပွဲစောင့်ကြည့်သူများကို ဖိတ်ကြားခဲ့ခြင်းမရှိဟု သတင်းများက ဆိုကြသည်။
အနောက်မီဒီယာများကမူ ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲ ဟန်ဆောင်ကျင်းပခြင်းဟု စွပ်စွဲခဲ့ကြပြီး ပူတင်အနေနှင့် ၎င်းအတွက် နောက်မျိုးဆက်ဆက်ခံမည့်သူကို ပျိုးထောင်ထားခြင်းမရှိဟုလည်း ဆိုကြသည်။ ပူတင်အနေဖြင့် ယခုတစ်ကြိမ် သမ္မတရွေးကောက်ပွဲအောင်နိုင်ခြင်းက ငါးကြိမ်မြောက် သမ္မတ သက်တမ်းအနိုင်ရရှိခြင်းလည်းဖြစ်မည်ဟု ဆိုသည်။
Ref -1news