၁၆. ၃. ၂၀၂၄
Written by Pan Ei
ကမ္ဘာကျော် “Squid Game” ဇာတ်လမ်းတွဲထဲမှာ နံပါတ်- ၁ ကစားသမားအဖြစ် အံ့အားသင့်ဖွယ် သရုပ်ဆောင်ချက်တွေနဲ့အတူ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ မင်းသား အိုယောင်ဆူး (Oh Young Soo)ဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှု စွဲချက်တွေမှာ အပြစ်ရှိကြောင်း ဒေသဆိုင်ရာတရားရုံးက သောကြာနေ့ (မတ်လ ၁၅ ရက်) က ပြောကြားခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အသက် ၇၉ နှစ်အရွယ် အိုယောင်ဆူးဟာ ၂၀၁၇ ခုနှစ်တုန်းက အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ကို မသင့်လျော်စွာ ထိမိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သလို မနေ့ကတော့ အပြစ်ရှိကြောင်း တရားရုံးက စီရင်ချက်ချခဲ့တာဖြစ်ပြီး ထောင်ဒဏ် ရှစ်လ၊ ဆိုင်းငံ့ ၂ နှစ်နဲ့ လိင်အကြမ်းဖက်မှုဆိုင်ရာ ပညာပေးသင်တန်းတွေကို နာရီ ၄၀ တက်ဖို့လည်း အမိန့်ထုတ်ထားကြောင်း တရားရုံးက ပြောကြားခဲ့ပါတယ်။
မင်းသား အိုယောင်ဆူးဟာ အမည်မဖော်လိုသူ အမျိုးသမီးရဲ့လိင်ပိုင်းဆိုင်ရာ စော်ကားမှု တိုင်ကြားချက် နှစ်ခါကြောင့် အခင်းဖြစ်ပွားပြီး ငါးနှစ်အကြာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၃ ရက် ဆူဝမ်ခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မင်းသား အိုယောင်ဆူးအပြင် ကွယ်လွန်သူ ရုပ်ရှင်ဒါရိုက်တာ Kim Ki-duk နဲ့ မင်းသား Cho Jae-hyun တို့အပါအဝင် တောင်ကိုရီးယားရဲ့ ရုပ်ရှင်လုပ်ငန်းက ပုဂ္ဂိုလ်အများအပြားဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
အိုယောင်ဆူးကို ၁၉၄၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိအသက် ၇၉ နှစ်ရှိပြီဖြစ်သလို ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Netflix ရဲ့ “Squid Game” မှာ ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ပို့ဆုရရှိခဲ့တဲ့ ပထမဆုံးကိုးရီးယားမင်းသားလည်း ဖြစ်ပါတယ်။
Ref; CNA