October 23, 2024

၈ -၁၂ – ၂၀၂၂
Written By Naddy

မာန်ထက်ချီ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ My Hero “ငါ့ရဲ့သူရဲကောင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၉ ရက်ကစပြီး မြန်မာတစ်ပြည်လုံးမှာ ရုံတင်ပြသတော့မှာပါ။

ကောင်းထက်ဟာ တစ်နေ့ တစ်နေ့ ဈာပန မပို့ရရင် မနေနိုင်တဲ့ရောဂါဖြစ်နေတာပါ။ သူနေတဲ့မြို့လေးမှာက လူဦးရေကနည်းသလို အဲဒီမြို့လေးက နေ့စဉ်သတင်းစာလည်း ထုတ်တယ်ဆိုတော့ အဲဒီသတင်းကတစ်ဆင့် ကောင်းထက်က နေ့စဉ် ဈာပန သတင်းကို စောင့်ဖတ်နေသူဖြစ်ပါတယ်။ ကောင်းထက်က ဈာပနသတင်းမှာ ဈာပနသတင်းပါမလာတဲ့နေ့ဆိုရင်တော့ သူ့အတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ပါ။ ဈာပနပို့ရမှ စိတ်ကျေနပ်တဲ့ ကောင်းထက်ဟာ မပို့ရတဲ့နေ့မှာ သူ့ ဆာလောင်မှုကို ဘာနဲ့မှ ဖြေသိမ့်မရတော့ဘူးဆို ကိုယ့်ကိုယ်ကိုယ် ဓါးနဲ့မွှန်းပြီး သွေးတောက်တောက်ကျမှပဲ အဲဒီစိတ်ဒဏ်ရာက သက်သာရရှာတာပါ။

ဈာပနမရှိတဲ့ နေ့တွေမျိုးမှာဆို ကောင်းထက်ဟာ အလောင်းကောင်ကို မျှော်လင့်တကြီးနဲ့ တစ်ယောက် ယောက်သေပါစေ လို့တောင် ကျိန်ဆဲမိခဲ့တဲ့အထိဆိုပါတော့။ သူ့မှာ ဒီလိုရောဂါမျိုးကြီးဖြစ်နေတဲ့ အတွက်လည်း ကောင်းထက် ကိုယ့်ကိုယ်ကို ရွံမုန်းမိ ရှာပါတယ်။ ဒါပေမဲ့ ဖြစ်နေတဲ့‌‌ ‌‌ဝေဒနာက သူလုပ်ယူဖန်တီးထားတာမှ မဟုတ်တာ။ ကံကြမ္မာကြီးကိုက သူ့ကို ဖန်တီးပေးထားသလိုပါ။ ဥပမာ – ဓားလိုပေါ့။ ဓားတွေက သတ္တဝါတွေ အရာဝတ္ထုတွေကို ခုတ်ဖြတ်ချင်လွန်းလို သူတို့ဘာသာ ခုတ်ဖြတ် နေကြတာ မဟုတ်ပါဘူး။ သူ့ကို ကိုင်ပြီး ခိုင်းစေတဲ့ သခင်ရဲ့စေညွှန်းရာကိုသာလျှင် သူ့အသားအနာခံပြီး ဆောင်ရွက်ပေးနေရတာပါ။ ကောင်းထက်လည်း ဒီလိုပါ။ လူသေကို ဆာလောင်မှုဈာပနကို ဆာလောင်မှုက သူ့ဘာသာ ဖန်တီးယူထားတာ မဟုတ်ပါဘူး။ သူ့အတွက် ကံကြမ္မာကြီးက ဖန်တီးထားတဲ့ ရောဂါဆိုးကြီးပါပဲ။ အဲဒီရောဂါရဲ့ တောင်းဆိုမှုကြောင့် သူဟာ လူသေတွေကို တောင့်တတာပါ။ ကောင်းထက်ဟာ သူ့ရောဂါကို လူသိခံလို့မဖြစ်ပါဘူး။ သူ့ရောဂါဟာ လူသိသွားရင် လူ့ပတ်ဝန်းကျင်ကနေ မောင်းထုတ်ခံရမယ့် ရောဂါမျိုး။ ဒါ့ကြောင့် စိတ်ဆရာဝန်ကြီး ဦးအာသာဖွင့်တဲ့ စိတ်နဲ့ပတ်သတ်တဲ့ သင်တန်းတစ်ခုကို သူကိုယ်တိုင်တက်ကာ လေ့လာပြီး သူကိုယ်တိုင်ကုဖို့ ကြိုးစားနေတာပေါ့။ ဒါပေမဲ့ စိတ်ရောဂါ ဆိုတာများသောအားဖြင့် ငယ်စဉ်ဘဝမှာတည်းက အခြေခံပြီးဖြစ်တည်လာတာမျိုးပါ။ ကောင်းထက်ရဲ့ကံဆိုးချက်က သူဟာ ၁၅ နှစ်သားလောက်တုန်းက အပြင်းအထန် ၃ ရက်ခန့်ဖျားပြီးတည်းက ငယ်ဘဝကို လုံးလုံးလျား မေ့ ပျောက် သွားတာပဲဖြစ်ပါတယ်။ ဒါကို သူ ဘယ်နည်းနဲ့ သူ့ရောဂါကို ကုသနိုင်တော့မှာလဲ။

မျှော်လင့်ချက်မဲ့ စိတ်ပျက်စွာနဲ့ ဘဝကို ဖြတ်သန်းနေထိုင်နေရင်း တစ်နေ့မှာတော့ ကောင်းထက် ကောင်မလေး တစ်ယောက်မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ ဆုံခဲ့တဲ့နေရာလေးကလည်း တခြားနေရာမဟုတ်၊ သချိုင်းမှာပါ။ လူ တစ်ယောက်ရဲ့ ဈာပနမှာဆိုပါတော့။ အဲဒီကောင်မလေးက သူ့ဘေးနားရောက်လာတော့ သူ သိသိသာသာပါ ရင်တွေခုန်ပြီး ဇောချွေးတွေထွက် အသက်ရှူရကျပ်သွားပြီး လက်ပါ အကြောကပ်သွားခဲ့ရပါတယ်။

အဲဒီမှာပဲ သူဟာကောင်မလေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဆက်သွယ်မှုတစ်ခုရှိနေမယ်ဆိုဟာ ကောင်းထက် ရိပ်မိသွားပါတယ်။ ကောင်မလေးနဲ့ ဒုတိယမြောက်တွေ့ပြီး စကားပြောဖို့ ကြိုးစားရင်း ကောင်းထက် လက်နဲ့ သူ့လက် ထိတွေ့လိုက်တဲ့ခဏ သူနားနေရချိန် အသက်ရှူကျပ်တာတို အကြောကပ်တာတို့ မွန်းကျပ်တာတို့ ဆိုတာတွေ တစ်ခဏအတွင်း လျော့သွားပုံရတယ်လေ။

ကောင်မလေးအကြောင်း တော်တော်များများလေ့လာပြီး သူ သိခဲ့ရပါတယ်။ ကောင်မလေးဟာ ချမ်းသာတဲ့အသိုင်းဝိုင်းက မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ အပျော်မက်တဲ့ မိခင်ရဲ့ ပစ်ပယ်မှု၊ နိုင်ငံခြားရောက်နေတဲ့ အထူးကုဆရာဝန် ဖခင်ရဲ့ အဝေးက ငွေပေးပို့ကာ ဂရုစိုက်မှုကလွဲပြီး တခြား ဘာနွေးထွေးမှုမှ မရှိတဲ့ဘဝထဲမှာ အသက်ရှင်နေရတဲ့ မိန်းကလေးပါ။ ကောင်မလေးနာမည်က လရောင်တဲ့။ နောက်ပြီး လရောင်မှာလည်း သူနဲ့တူတဲ့ ဈာပန မပို့ရ မနေနိုင်တဲ့ရောဂါ ရှိနေပါသေးတယ်။ သူတို့ရဲ့ ဇာတ်လမ်းဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ရုံတင်ပြသတဲ့အခါ ကြည်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီ ဇာတ်ကားက ဝတ္ထုသိုးဆောင်းရဲ့  စျာပနာရှင်းတမ်းကို ဇာတ်ညွှန်း အင်ကြင်းဟန်က ရေးသားပြီး တွဲဖက်ဒါရိုက်တာ ဆဏ်းသား ၊ ဒါရိုက်တာဝင်းထွန်းထွန်းရဲ့ အနုပညာပြချက်မှာ သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်း‌ဝေယံ ၊ အေးမြတ်သူ၊ မေကြည် (Myanmar Idol)၊ စုမြတ်နိုးဦး၊ မင်းဦး ၊ လူမုန်း ၊ ခင်မိုမိုအေး ၊ အံ့မင်းညို ၊ ဇော်ဇော်အောင်၊ ကေညီ ၊ ဘဂျမ်း ၊ ဒေါ်ဝေဝေသင်း ၊ ကလေးသရုပ်ဆောင် ခန့်ကျော် ၊ ပန်းသီး စတဲ့သူတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

My Hero “ငါ့ရဲ့သူရဲကောင်း” ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့က သမ္မတ ၊ သွင် ၊ မင်္ဂလာစံပြ၊ Junction City ၊ Junction Square ၊ Junction စိန်ချွန်း ၊ မင်္ဂလာ( မြောက်ဥက္ကလာ ၊ တာမွေ ၊ တောင်ဒဂုံ ၊ Top Royal ) ၊ စိန်ဂေဟာ ၊ ဒဂုံစင်တာ ၂ ၊ စံရိမ်ငြိမ် (ဂမုန်းပွင့် )၊ မင်္ဂလာဝဇီရာ(လိူင်သာယာ)၊ Time City ၊ Capital ၊ ကန်သာယာ ၊ Paradiso (မင်္ဂလာဒုံ၊ ပြည်ကြီးတံခွန် ) ၊ JCGV ရုပ်ရှင်ရုံတွေအပြင် ၊ မန္တလေးမြို့က ဝင်းလိုက်၊ မင်္ဂလာ မစိုးရိမ် ၊ အောင်မြေသာစံ ၊ နန်းတော်ရှေ့ ၊ ပြည်ကြီးတံခွန် ၊ နေပြည်တော်က JCGV ၊ ဥတ္တသီရိ ၊ ဇေယျာသီရိ ရုပ်ရှင်ရုံ ၊ မကွေးမြို့က မင်္ဂလာစံပြ ၊ ဘားအံမြို့က တက်နေဝင်း ၊ မြဝတီက ရွှေစင်ခြူး ၊ တောင်ကြီးမြို့က မြသုခ ၊ လားရှိုးမြို့က အောင်သီရိ ၊ မိတ္ထီလာမြို့က Central စတဲ့ မြို့နယ် ရုပ်ရှင်ရုံအသီးသီးမှာ ပြသမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *