၁၅. ၃. ၂၀၂၄
Written by Ye Kyaw
မဟုတ်မမှန် လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး ငွေလဲလှယ် နှုန်းမြင့်တက်အောင် ဆွဲတင်နေသည့် လူမှုကွန်ရက်စာမျက်နှာ၊ လူမှုကွန်ရက် Group ၊ APP ၊ Website စုစုပေါင်း ၁၅ ခုကို ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ထုတ်ပြန်ထားသည်။
အရေးယူဆောင်ရွက်နေသည့် လူမှုကွန်ရက်စာမျက်နှာ၊ လူမှုကွန်ရက် Group ၊ APP ၊ Website များမှာ Mr. Hamburger Channel (Viber)၊ Myanmar Market Price (App & Facebook)၊ Htet Yan Money Exchange (Facebook)၊ Dollar Exchange Rate (Facebook)၊ Daily Gold (Facebook)၊ Myanmar Future News (Facebook)၊ ရွှေဈေး၊ ဒေါ်လာဈေး (Facebook)၊ GG Money Exchange (Facebook)၊ ရဝေထွန်း-စိန်ရွှေရတနာဆိုင် (Facebook)၊ ရွှေဈေးနှုန်း ငွေဈေးနှုန်း (Facebook)၊ Domestic Price Now ၊ Shwedinger.com ၊ Gold (Facebook) ၊ Law Ka Media (Facebook)၊ Money Changer (Yangon) ငွေဈေး ဒေါ်လာဈေး (Facebook) စသည့် ၁၅ ခုကို အရေးဆောင်ရွက်နေခြင်းဖြစ်သည်။
အထက်ဖော်ပြပါ လူမှုကွန်ရက်စာမျက်နှာ၊ လူမှုကွန်ရက် Group ၊ APP ၊ Website များသည် မမှန်ဟုသိလျက်နှင့် သို့မဟုတ် မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျက်နှင့် မမှန်သတင်းဖြန့်ဝေခြင်း သို့မဟုတ် မမှန်သတင်းဖြန့်ရန် ကြံရွယ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း၊ နိုင်ငံခြား ငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ) အရလည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က) အရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂-က အရသော်လည်းကောင်း တရားစွဲအရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ်များနှင့် သွင်းကုန်/ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန် တစ်ဒေါ်လာလျှင် ၃,၃၇၅ ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသကဲ့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးမှုဖြင့် ပုဂ္ဂလိကဘဏ်များဖြစ်သည့် KBZ၊ AYA bank၊ UAD စသည့်ဘဏ် (၃) ဘဏ်ရှိ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ အထိ တစ်ဒေါ်လာ ကျပ် ၃၁၀၀ နှုန်းဖြင့် အထူးအစီအစဉ်အရ ရောင်းချပေးလျက်ရှိသည်။
မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားငွေ အမှန်တကယ်လိုအပ်ချက်များရှိပါက အထက်ဖော်ပြပါ အထူးအစီအစဉ်ဖြင့် နိုင်ငံခြားငွေရောင်းချပေးနေသော ငွေလဲကောင်တာများတွင် ဝယ်ယူကြပါရန်နှင့် မဟုတ်မမှတ် သတင်းထုတ်လွှင့်ပြီး နိုင်ငံခြားငွေကြေးဈေးကစားသူများ၏ ပြောကြားချက်/ထုတ်ပြန်ချက်များကို မယုံကြည်ကြပါရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ https//www.cbm.gov.mm/ ရှိ News & Announcement တွင် နေ့စဉ် Online Trading Rate ကို ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်း ထုတ်ပြန်ထားသည်။