October 23, 2024

၈. ၁၂. ၂၀၂၂
Written by Nay Moe

ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကို သတ်ဖြတ်မှုဖြင့် မကြာခဏတိုင်ကြားခံနေရသော PDF များအား စစ်ဖက်ဆိုင်ရာကျင့်ဝတ်နှင့် စည်းမျဥ်းစည်းကမ်းများ အတိအကျလိုက်နာရန်လိုအပ်ကြောင်း NUG ၏ MOD ဝန်ကြီးတာဝန်ယူထားသူ ဦးရည်မွန်က ယနေ့ ထုတ်လွှင့်သည့် သူ၏ “PDF ရဲဘော်များသို့ – အပိုင်း (၉)” အစီအစဉ်တွင် သတိပေးသည်။

NUG ၏ Chain of Command တွင် ပါဝင်နေသည့် ပကဖများနှင့် PDF များက NUG လက်အောက်ဝင်ရောက်ခြင်းမရှိသည့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များကို လိုက်လံသတ်ဖြတ်မှု ပြုလုပ်နေပြီး လတ်တလောတွင်ပင် ဝက်လက်နယ်မှ ဗိုလ်ကျားကြီးအဖွဲ့အား NUG ၏ ဩဇာခံအဖွဲ့အဖြစ် ထောက်ပံ့ပေးထားပြီး NUG ၏ Chain of Command တွင် ပါဝင်နေသည့် ဝက်လက်ပကဖ အဖွဲ့က လိုက်လံတိုက်ခိုက်ကာ ဗိုလ်ကျားကြီးအဖွဲ့ဝင်သုံးဦးကို သတ်ဖြတ်ပြီး ကိုယ်ဝန်သည် CDM ဆရာမတစ်ဦးအပါအဝင် ခြောက်ဦးဖမ်းဆီးမှု ဖြစ်ပွားထားသည်။ ထိုသို့ သတ်ဖြတ်ဖမ်းဆီးမှုကို NUG ထံ တိုင်ကြားသော်လည်း အရေးမယူသဖြင့် ဒေသခံ LPDF အဖွဲ့ ၄၀ ခန့်က ဗိုလ်ကျားကြီးအဖွဲ့ကို လိုက်လံတိုက်ခိုက်သတ်ဖြတ်နေသည့် အန္တရာယ်များမှ ကာကွယ်မှုပေးမည်ဟု NUG နှင့် ဝက်လက်ပကဖအား စိန်ခေါ်ချက် ထုတ်ပြန်မှုလည်း ဖြစ်ပွားထားသည်။

“PDF တပ်မတော်ကတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေးအမြုတေအဖြစ် ထူထောင်တာ ဖြစ်တဲ့အတွက် ငါတို့တပ်မတော်ရဲ့ ဂုဏ်ကို ငါတို့ စောင့်ထိန်းကြရမယ်။ စစ်ဖက်ဆိုင်ရာကျင့်ဝတ်နဲ့ စည်းမျဥ်းစည်းကမ်းတွေကို အတိအကျလိုက်နာခြင်းဟာ PDF တပ်မတော်ရဲ့ ဂုဏ် ဖြစ်တယ်၊ PDF တပ်မတော်ရဲ့ အနာဂတ်ဖြစ်တယ်ဆိုတာ ရဲဘော်တို့အားလုံး သတိချပ်စေလိုတယ်” ဟု ဦးရည်မွန်က ပြောသည်။

NUG ၏ ဩဇာခံ PDF များအနေဖြင့် လူပေါင်းများစွာ သတ်ဖြတ်ထားသော်လည်း ထိရောက်စွာအရေးမယူနိုင်သည့် ဖြစ်စဉ်များ ရှိနေပြီး PDF အချင်းချင်းအကြား လူ ၂၀ ကျော်သတ်ဖြတ်ခဲ့သည့် ယင်းမာပင်ဖြစ်စဥ်တွင် NUG ဩဇာခံ ဗိုလ်သံမဏိ၏ ယင်းမာပင် PDF အဖွဲ့က Hero Tiger Force PDF များနှင့် ပြည်သူ ၂၀ ကျော်ကို တိုက်ခိုက်သတ်ဖြတ်မှုအား NUG က အရေးမယူနိုင်သဖြင့် ဝေဖန်မှုခံခဲ့ရသည်။

ထို့ပြင် ပြည်သူများကို လုယက်တိုက်ခိုက်နေသည်ဟုဆိုကာ CDF-Mara နှင့် NUG ၏ လက်အောက်ခံ MATC-MDF ချင်း PDF နှစ်ဖွဲ့အကြား စွပ်စွဲတိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပွားနေသကဲ့သို့ လတ်တလောတွင်လည်း တမူး PDF များက အသက် ၂၄ နှစ်အရွယ်ကျောင်းဆရာမ အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်အေးမာထွန်းကို PDF ၁၀ ဦးခန့်က ဒလန်ဟု ဝန်ခံခိုင်းကာ လက်ထိပ်ခတ် ဝိုင်းဝန်းရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဉ်မှာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများစွာက ဝေဖန်ခဲ့ပြီးနောက် တမူး PDF များကို စုံစမ်းအရေးယူပါ့မည်ဟု ထုတ်ပြန်ခဲ့ရသည်။

NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်က စတင် ဖွဲ့စည်းထူထောင်ခဲ့ပြီးနောက် စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနှင့် ပြည်သူ့လုံခြုံရေးဌာန တို့ဖြင့် ဌာနငါးခုဖွဲ့စည်းထားသည့်အပြင် PDF တပ်မတော်တွင် စစ်ရုံးချုပ်၊ မြောက်ပိုင်းတိုင်း/ အလယ်ပိုင်းတိုင်း/ တောင်ပိုင်းတိုင်း စစ်တိုင်း ၃ ခု၊မြေပြင်တပ်ရင်းတပ်ဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းသည့် စစ်ဒေသ ( ၃ ) ခုဖြင့် လည်ပတ်နေသည်ဟု ဦးရည်မွန်က ဆက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *