
၁၅. ၃. ၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့နယ်၊ ဇေယျဝတီ(ဗဟိုလမ်း)တွင် မတ်လ ၁၄ ရက် ည ၁၁ နာရီခန့်က ၇ လွှာတိုက်၏ နောက်ဖေးမှအမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ဗဟိုလမ်းရှိ ၈ ထပ်တိုက် ၇ လွှာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသားမှာ ၇ လွှာတိုက်ခန်းနောက်ဖေးမှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးရသည့်အကြောင်းအရင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ပြုတ်ကျတာက မှောက်လျက်ကျတာ။ မျက်နှာနဲ့ ခေါင်းလည်းထိတယ်”ဟု ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သည့် စမ်းချောင်းအရန်မီးသတ်မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသူမှာ ဘယ်ဘက်မေးရိုးကွဲဒဏ်ရာ၊ နားရွက်အနောက်တွင် ဦးခေါင်းကွဲအက်ဒဏ်ရာနှင့် ပေါင်ရိုးကျိုး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို စမ်းချောင်းအရန်မီးသတ်မှ အဖွဲ့ဝင် ၈ ဦးက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
