October 23, 2024

၈. ၁၂. ၂၀၂၂
Written by Tha Doe ၊ Ye Kyaw

မြေယာကဏ္ဍများမှ ကျပ်သိန်းပေါင်း သောင်းချီ လာဘ်စားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းတို့အား အဂတိလိုက်စားမှုများဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

“သတင်းတော့ကြားတယ်။ ကိုယ်ကိုယ်တိုင် ဂဃနဏ မသိတော့ Confirm လုပ်ပြီး အဖြေမပေးနိုင်ဘူး။ မနေ့ကတော့ အမိန့်ချလိုက်ပြီဆိုတာတော့ သိတယ်။ အမိန့်ချလိုက်တဲ့ နှစ်ကိုလည်း သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပြောရေးဆိုခွင့်မရှိဘူး။ ပြောလို့မရဘူး” ဟု ဦးအောင်သန်းဦးနှင့် လက်တွဲလုပ်ကိုင်ဖူးသူတစ်ဦးက MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အရေးယူခံထားရသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းသုံးဦးကို ဒီဇင်ဘာ ၇ ရက်နေ့က ထောင်ဒဏ်များ ချမှတ်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်းဦးလှစိုး အား ထောင်ဒဏ် ၁၅ နှစ်၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို ထောင်ဒဏ်နှစ် ၂၀၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော် ကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့သည်ဟုလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းသုံးဦးကို ဇွန် ၁၄ ရက်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရမြေများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအဆုံးအဖြတ်ဖြင့် ၂၂-၆-၂၀၂၁ မှ ၂၁-၁-၂၀၂၂ ရက်နေ့အတွင်း မြေကွက်များ ရောင်းချပေးခဲ့ရာတွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ လိုက်နာ ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ မြိုနယ်များအလိုက် ကာလတန်ဖိုး သတ်မှတ်ချက်အောက်သို့ လျှော့ချခွင့်ပြုပေးခဲ့သဖြင့် ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒလမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ မြေကွက်ကိုးကွက် မြေဧရိယာ ၂၆၂ ဧကခန့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော်ဆုံးရှုံးခဲ့ခြင်းသည် တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ခြင်းဖြစ်ကြောင်း၊ အတွင်းရေးမှူး ဦးစိုးစိုးဇော် သည် အစိုးရမြေများ စီမံခန့်ခွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြေလျှောက်ထားခြင်း၊ မြေကွက် ဈေးနှုန်းသတ်မှတ် ဆောင်ရွက်ခြင်းများတွင် ရောင်းချမြေတန်ဖိုးများမှာ ကာလတန်ဖိုးအောက် များစွာလျော့နည်းနေသည်ကို တင်ပြမှုမရှိခဲ့ခြင်းနှင့် ဝယ်ယူခွင့်ရရှိသူအချို့နှင့် တိုက်ရိုက်ဆက်သွယ်၍ မြေနေရာချထားပေးနိုင်ရန် တင်ပြဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ရာတွင် ပါဝင်အားပေး ကူညီခဲ့ကြောင်း ဖော်ပြကာ အမှုဖွင့်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အစိုးရမြေများ နေရာချထားပေးသည့် ကိစ္စများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး ထံမှ ငွေကျပ်သိန်း ၂၅၀၀ ကို ငါးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် တစ်ဦးမှ မြေကွက် လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ပေးအပ်ခဲ့သည့် ငွေကျပ်သိန်း ၅၀၀၀ ကို ၎င်း၏ နေအိမ်၌ ခြောက်ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုး လက်ဆောင်ကို လက်ခံရယူခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က တိုင်းဒေသကြီးအစိုးရအစည်းအဝေး ဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ (၃)ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူတစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (Cooperate Social Responsibility – CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း ၉၅၀၀ ကျော် အား ကောက်ခံရယူခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ထားသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်တွင် အခြားစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်သော်လည်း အဆိုပါငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ်(MAB) တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို ထည့်သွင်းခဲ့ခြင်း၊ ချက်လက်မှတ်များကို သိမ်းဆည်းထားခြင်းတို့သည် အစိုးရအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်ခြင်းပြုရာတွင် တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေးနစ်နာ ဆုံးရှုံးစေခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း ရန်ကုန်မြို့၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်ရှိ မြေဧရိယာ ၃၂ ဧကကျော်အား အငြိမ်းစားပုဂ္ဂိုလ်တစ်ဦး၏ အမည်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေကွက်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေကွက်ချထားပေးနိုင်ရေး တင်ပြဆောင်ရွက်ပေးခြင်း၊ မြေတန်ဖိုးနှင့် CSR ပေးသွင်းငွေများအား လျော့နည်း ပေးသွင်းစေရေးတိုအတွက် ကူညီဆောင်ရွက်ပေးခဲ့ပြီး မြေကွက်ဂရန်ရရှိပါက မြေကွက်ရောင်းချ ရရှိမည့် အကျိုးအမြတ်ငွေအပေါ်မှ ၂၀ ရာခိုင်နှုန်းအား ပေးအပ်ရန် ညှိနှိုင်းသဘောတူညီခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ကို ရယူရန် အားထုတ်ခြင်းဖြစ်ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်လှစ်ကာ ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *