October 20, 2024

၁၄.၃.၂၀၂၄
Written By Thandar

မင်းသမီး ခိုင်နှင်းဝေရဲ့ အသက် ၄၃ နှစ်ပြည့် မွေးနေ့အလှူကို ယနေ့ မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွှေဟင်္သာလမ်းနဲ့ ရွှေဂျိုးဖြူလမ်းထောင့် (၁ဝ၄)ရပ်ကွက်ရှိ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”မှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့က အစ်မရဲ့ မွေးနေ့လား၊ ကလေးတွေရဲ့ မွေးနေ့လား တောင် မသိပါဘူး။ ဒီနှစ် မွေးနေ့ကတော့ အလှူအတန်းတွေလုပ်တယ်။ ကလေးတွေနဲ့တူတူ မွေးနေ့ ကိတ်ခွဲတယ်။ သူတို့‌လေးတွေကတော့ ပျော်နေကြတယ်။ သူတို့က မေမေ့ကို ချစ်ချစ်တယ်ဆိုပြီး Birthday Wish လုပ်ပေးကြတာ အစ်မအတွက် ကြည်နူးရတယ်။ သူတို့ တစ်နှစ်ထက် တစ်နှစ်ကြီးလာတာနဲ့အမျှ အမေကို ချစ်တယ်ဆိုတဲ့ စိတ်လေးတွေက ရင်ထဲ၊ စိတ်ထဲ စွဲလာတာ မြင်ရတော့ ပျော်တယ်။ သူတို့ အခုလိုမျိုး စိတ်ထဲ အမေဆိုတာ စိတ်ထဲစွဲလာအောင်၊ သူတို့ဆီက အမေ့ကို ချစ်တယ်ဆိုတာမျိုး ပြောတာကို ကြားခွင့်ရဖို့ အစ်မ အများကြီး ကြိုးစားခဲ့ရတာပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမရဲ့ မွေးနေ့ကုသိုလ်အနေနဲ့ ဘုရားဖူးတွေအတွက် အကြို အပို့ စီစဉ်ပေးတာတွေ အရေးပေါ် အသက်အန္တရာယ်ကြုံနေသူ လူနာ ၁၀ ဦးကို ပျောက်ကင်းတဲ့အထိ ဆေးကုသပေးတာတွေ၊ ခြေတုတွေ လှူဒါန်းခြင်းတွေနဲ့ မွေးလူနာအယောက် ၂၀ အတွက် မွေးဖွားစရိတ် အပြည့်အစုံ ကူညီပေးတာတွေနဲ့ အခြား လိုအပ်တဲ့နေရာတွေကိုလည်း မွေးနေ့ အလှုဒါနအဖြစ် လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့ပြင် အသက် ၆၅ နှစ်အရွယ် သက်ကြီး အယောက် ၁၀၅‌ ဦးကို တစ်ဦးကို ငွေကျပ် ၁၀၀၀ နှုန်းနဲ့ အလှူငွေတွေကိုလှူဒါန်းပေးခဲ့ပြီးတော့ ဂေဟာအနီးပတ်ဝန်းကျင်ရှိ ‌ကလေးတွေကို မွေးနေ့ကိတ်တွေ ဝေငှလှူဒါန်းတာတွေ ဂေဟာရှိ ဝန်ထမ်းတွေကိုလည်း အလှူငွေတွေ လှူဒါန်းပေးခဲ့ပါတယ်။

“ဒီနှစ်မွေးနေ့က ထူးထူးခြားခြားလေးဖြစ်အောင် သိုက်ဘုရား ကိုးဆူပင့်တယ်။ ဆင်းရဲနွမ်းပါးတဲ့သူ တွေလည်း ဘုရားဖူးချင်မှာပဲ ဆိုတော့ ခုနှစ်ရက်သားသမီး လာရောက်ဖူးလို့ရအောင်ရယ်၊ တချို့ကကြတော့လည်း နေရာဝေးလို့ လာချင်ပေမယ့် ဝေးလို့မလာနိုင်တဲ့ သူတွေအတွက်လည်း လာလို့ရအောင် ကားတွေနဲ့ အကြိုအပို့လုပ်ပြီး ဘုရားဖူးလို့ရအောင် စီစဉ်ထားပါတယ်။ ဒီနှစ်ကတော့ အရင်နှစ် မွေးနေ့တွေထက်စာရင် ပိုပြီး ထူးခြားတယ်။ ကိုယ်ပင့်ဆောင်ထားတဲ့ ဘုရားကို အများသူငါ လာရောက်ဖူးကြတော့ စိတ်ထဲမှာ ပီတိဖြစ် တယ်”လို့ သူမက ဆက်ပြောပါတယ်။

ဒုတိယအကြိမ်မြောက်ရှေးဟောင်း ဘုမ္ပိယဆိုင်ရာသိုက်ဘုရား(၉)ဆူတို့ကိုလည်း မတ် ၁၄ ရက်ကနေ မတ် ၁၇ ရက်အထိ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ ပင့်ဆောင်ပူဇော်ထားပြီး လာရောက်ဖူးမြော်နိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *