၁၄. ၃. ၂၀၂၄
Translated by Htwe Ko Tun
ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိနေကြတဲ့ ဘင်္ဂါလီဒုက္ခသည်အများအပြားက သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ အဓိကအနေနဲ့တော့ အမျိုးသမီးတွေနဲ့မိန်းကလေးတွေကို ဒုက္ခသည်စခန်းတွေကနေ မလေးရှားနဲ့ထိုင်းလိုနိုင်ငံတွေကို ပို့ဖို့ကြိုးစားလာကြပါတယ်။ ဒါကတစ်ချိန် တည်းမှာပဲ လူ့အဖွဲ့အစည်းအတွင်းရှိနေတဲ့ လူကုန်ကူးသမားတွေအဖို့ ဒီအခွင့်အရေးကို အရအမိယူပြီး ငွေရှာဖို့လျင်မြန်စွာဖြစ်လာစေခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အတွင်းက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းမှာ နယ်ခြားရဲတပ်ဖွဲ့စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ရာက မြန်မာ့တပ်မတော်ရဲ့ ဖြိုခွင်းမှုကိုခံခဲ့ရတဲ့ ဘင်္ဂါလီတွေဟာ အခုဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာရှိနေကြပါတယ်။ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံ ပြန်ပို့ပေးနိုင်ဖို့ကိစ္စကလည်း နောက်ကွယ်မှာ သူတို့ကို လူကုန်ကူးပို့ဆောင်နေမှုက လျော့နည်းခြင်း မရှိတာကြောင့် နှောင့်နှေးနေရပါတယ်။ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေမှာက လက်မထပ်ရသေးတဲ့ အပျိုတွေ အများကြီးရှိနေပါတယ်။ ဒီမှာ ဘင်္ဂါလီမိသားစုအများအပြားကလည်း သူတို့ရဲ့ လက်ထပ်မှု ပြုမပေးရသေးတဲ့သမီးတွေကို မလေးရှားမှာအခြေစိုက်နေကြတဲ့ ဘင်္ဂါလီတွေနဲ့ လက်ထပ်ပေးချင်နေကြပါတယ်။
ယူကီးယား လူသားကုန်ကူးသန်းမှုတားမြစ်ရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ အဗ္ဗဒူလ် ဟာမစ်က “ဘင်္ဂါလီအများအပြားဟာ ပင်လယ်ကိုကျော်ဖြတ်ပြီး မလေးရှားကိုသွားဖို့ကြိုးစားခဲ့ကြတယ်။ အရင်ကတော့အင်အားကောင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းက လူသားကုန်ကူးမှုအတွက် ဒီလမ်းကြောင်းကို အသုံးပြုနေတာ။ ဒီတော့ကာ လူသားကုန်ကူးသန်းမှုလုပ်ငန်းက တစ်ခါပြန်ပြီးစလာပြန်ပြီလား။ စိုးရိမ်မိတယ်”လို့ ပြောကြားခဲ့ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒေသရှိ ဒုက္ခသည်စခန်းတစ်ခုမှကြီးကြပ်သူ မူဟစ် ယူလာကလည်း ပွဲစားတွေက ပင်လယ်ကိုဖြတ်ပြီး ဘင်္ဂါလီတွေကို မလေးရှားသို့ အခကြေးငွေနဲ့ပို့ပေးနေကြတယ်။ သိပ်မကြာသေးခင်ကပဲ မလေးရှားကို ဘင်္ဂါလီ ၃၀၀ ကျော် ရောက်သွားခဲ့တယ်။ နောက်ထပ် ဘင်္ဂါလီ ၇၀၀ ကျော်ကလည်း သူတို့ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာဖို့ရှိနေတယ်လို့ကြားမိတယ်လို့ ပြောခဲ့ပါတယ်။
မလေးရှားကိုသွားဖို့ဆိုတာက လူတစ်ယောက်ကို တာကာ ငွေသုံးသိန်းလောက်ပေးရပါတယ်။ ARSA နဲ့ AA လိုလက်နက်ကိုင်အဖွဲ့တွေက နှစ်ဖက်စလုံးမှာရှိနေပြီး ဒီတရားမဝင် လူကုန်ကူးမှုခရီးအတွက် ပိုက်ဆံတွေရယူပြီး စီးပွားဖြစ်နေကြတာပေါ့ လို့လည်း မူဟစ် ယူလာက ပြောခဲ့ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ၂၇၁ ကီလိုမီတာရှည်တဲ့အထိ နယ်စပ်ချင်းထိစပ်နေကြတာပါ။ တစ်ဝက်လောက်က ထူထပ်လှတဲ့သစ်တောတွေအတွင်းနဲ့ နတ်မြစ်ဘေးတစ်လျှောက်ပါပဲ။ ခိုးစိမ့်ဝင်နိုင်တဲ့ နယ်စပ်တစ်လျှောက်မှာ တရားမဝင်လက်နက်ကူးသန်းရောင်း ဝယ်မှုနဲ့ ယာဘနဲ့ ICE တို့လို မူးယစ်ဆေးဝါးကူးသန်း ရောင်းဝယ်မှုတို့အပါအဝင် ဒုစရိုက်မှုတွေကလည်း များပြားလွန်းပါတယ်။
သတင်းအရင်းအမြစ်တွေအရ ဘင်္ဂါလီဒုစရိုက်ဂိုဏ်းတွေက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံစလုံးက ဆင်းမ်ကတ်တွေကို သုံးကြပြီး တရားမဝင်ငွေနဲ့ အရောင်းအဝယ်ပြုဖို့တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မိုဘိုင်းမှတစ်ဆင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းကို အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒီလိုတရားမဝင် ကူးသန်း ရောင်းဝယ်မှုတွေက ၂၀၂၃ ခုနှစ် အောက်တိုဘာလကစလို့ မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်လာပြီးတဲ့နောက်မှာ ပိုလို့တိုးပွားလာခဲ့တာပါ။
မလေးရှားနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပင်လယ်ကိုဖြတ်ပြီးတော့ လူကုန်ကူးတဲ့လုပ်ငန်းက ခုမှပေါ် ပေါက်လာတာတော့ မဟုတ်ပါဘူး။ လူကုန်ကူးဂိုဏ်းတွေရဲ့ အဓိကပစ်မှတ်တွေကတော့ ဘင်္ဂါလီအမျိုးသမီးတွေနဲ့ကလေးတွေပါပဲ။ အများစုက ပညာမတတ်ကြသူတွေပါ။ ဘင်္ဂလားဒေ့ရှ်မှ တချို့လူကုန်ကူးဂိုဏ်းတွေဟာ ဘင်္ဂါလီအမျိုးသမီးတွေနဲ့ကလေးတွေကို လှည့်စားမှုတွေပြုကြပြီး စက်လှေအငယ်လေးတွေပေါ်မှာ မချိမဆန့် တင်လို့ ပင်လယ်ခရီးကို ဖြတ်ကူးခိုင်းကြတာမှာ မကြာခဏဆိုသလိုပဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ကြရပါတယ်။ ပြီးခဲ့တဲ့ခြောက်လအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေး အရာရှိတွေက ဘင်္ဂါလီတွေကိုသယ်ဆောင်လာတဲ့ စက်လှေတချို့ ဖမ်းမိခဲ့သလို လူကုန်ကူးပွဲစားတချို့ လည်း မိခဲ့ပါတယ်။
UNHCR ရဲ့ စာရင်းဇယားတွေအရတော့ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂါလီဒုက္ခသည် ၉,၀၀၀ ခန့်ဟာ မလေးရှားကိုသွားဖို့ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီထဲမှာ ၅၈၉ ဦးကတော့ သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေကလည်း အများအပြားရှိတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်ကပဲ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အမျိုးသမီးနဲ့ကလေးတွေပါတဲ့ ဘင်္ဂါလီ ၂၄ ဦးကို ကော့ဘဇားခရိုင်၊ တက္ကနက်ဖ် ကမ်းခြေကနေ မလေးရှားကို လူကုန်ကူးဂိုဏ်းတွေကပို့ဖို့ စက်လှေနဲ့ထွက်လာကြစဉ် ကယ်ခဲ့ရပါသေးတယ်။ဒီမှာ ဘင်္ဂါလီတွေအနေနဲ့ မလေးရှားနိုင်ငံကို သူတို့ထွက်ပြေးအခြေစိုက်ဖို့နေရာအဖြစ် ဘာလို့ရွေးချယ်ကြသလဲ၊ အကြောင်းရှိပါတယ်။ ပင်လယ်ခရီးကို အကြိမ်ပေါင်းများစွာဖြတ်ပြေးစဉ် ကယ်ဆယ်ဖမ်းမိခြင်းခံရတဲ့ဘင်္ဂါလီလူမျိုးအများစုက သူတို့ဟာ မလေးရှားမှာနေထိုင်တဲ့ သူတို့ရဲ့ဆွေမျိုးတွေနဲ့ပုံမှန်ဆက်သွယ်မှုတွေရှိကြတယ်ဆိုပါတယ်။ ဒါကြောင့်လည်း ကောင်းမွန်တဲ့လူနေမှုအဆင့်အတန်းကိုမျှော်မှန်းပြီး သူတို့ဟာ သေကာမှသေရောဆိုပြီး ဘင်္ဂလားဒေ့ရှ်ရှိ သူတို့အတွက် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးကြတာပါ။
ဒါပေမယ့် မလေးရှားမှာဆိုရင်လည်း ဘင်္ဂါလီတွေအဖို့ သူတို့ထင်သလို ဖြစ်လာတာတော့မဟုတ်ပါဘူး။ ဒီလို ပင်လယ်ကိုဖြတ် ခိုးဝင်လာတဲ့သူတွေအများအပြားဟာ မလေးရှားနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့ တွေရဲ့ ဖမ်းဆီးခြင်း ဒါမှမဟုတ် လူကုန်ကူးသမားတွေလက်မှာ အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရပါတယ်။
ဘင်္ဂါလီမိသားစုတွေအဖို့မှာတော့ အထက်မှာဆိုခဲ့သလို သူတို့ရဲ့မိသားစုဝင် သမီအပျိုတွေကို လက်ထပ်ပေးနိုင်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေထက် ပိုကောင်းတဲ့လူနေမှုဘဝကိုရဖို့ အသက်ကိုစွန့် ပြီး မလေးရှားကို ဒီလိုထွက်ပြေးကြတာလို့ ယူကီယားဒုက္ခသည်စခန်းက အမည်မသိ ခေါင်းဆောင်တစ်ဦးက Dhaka Tribune သတင်းစာကိုပြောခဲ့ပါတယ်။ သူက မလေးရှားမှာအိမ်ထောင်ကျသူတွေရှိသလို တချို့ဆိုရင်လည်း ဩစတြေးလျ၊ ဂျာမနီတို့လိုနိုင်ငံတွေ ရောက်ကုန်တယ်ဆိုပါတယ်။
ဘင်္ဂါလီဒုက္ခသည်တွေအနေနဲ့ ဒီလိုထွက်ပြေးရာမှာ ဘာလို့ အခကြေးငွေပေးကြရသလဲဆိုရာမှာတော့ သူတို့က လူကုန်ကူးမှုလုပ်ငန်းမှာ ဝေစုရယူတာက ARSA တစ်ဖွဲ့ထဲမဟုတ်ဘူးလေ။ မြန်မာဘက်ခြမ်းက AA တွေလည်းနယ်စပ်မှာရှိတယ်။ ဒီတော့ခုလိုထွက်ပြေးကြရင် AA ကိုလည်းပေးရတယ်။ ဒါမှမဟုတ်ရင် အစဖျောက်ခံရတာပေါ့လို့ တစ်ဦးကပြောခဲ့ပါတယ်။ တစ်ခါ ဒီလိုလူကုန်ကူးမှုတွေမှာ ဘ င်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်ဖ်နယ်မြေ ရှိ ဘင်္ဂါလီစခန်းတွေမှ အကြီးအကဲတွေကိုယ်တိုင်ပါဝင်ပတ်သက်နေကြတာကိုလည်း တွေ့ရပြန်ပါတယ်။ လူကုန်ကူးမှုမှာ အနည်းဆုံး လူ ၂,၀၀၀ လောက် ပါဝင်ပတ်သက် လုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။
ဒေသအာဏာပိုင်တွေက ကော့ဘဇားခရိုင်မှာ ခုလို လူကုန်ကူးမှုလုပ်ငန်းကြီးထွးနေခြင်းကိုနှိမ်နင်းဖို့ ဒီ လုပ်ငန်းမှာပါဝင်နေသူတွေစာရင်းကို ဒီဇင်ဘာလ ၁၇ ရက်က ရဲတပ်ဖွဲ့ဌာနချုပ်ကို ပို့ခဲ့တယ်ဆိုပါတယ်။ ဒီစာရင်းမှာ နိုင်ငံတကာလူကုန်ကူးမှုလုပ်ကိုင်နေသူ ၁၁ ဦး၊ ငွေအလွှဲအပြောင်းလုပ်ကိုင်သူ ၂၆ ဦးနဲ့ ပြည်တွင်းမှ ၂၃၀ ဦးတို့ရဲ့အမည်စာရင်းတွေပါတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကော့ဘဇားခရိုင်အတွင်း လူကုန်ကူးမှုလုပ်ငန်းမှာပတ်သက်နေသူ ထိပ်တန်း ဒုစရိုက်တရားခံ ၅၀၀ ခန့်ရဲ့ အမည်တွေကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ သတင်းတွေအရ ၂၀၁၇ ခုနှစ်မှာ ဘင်္ဂါလီတွေ အစုလိုက်အပြုံလိုက်ထွက်ခွာကြတဲ့ နောက်ပိုင်း အခုနှစ်တွေမှာ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူ နှစ်ဆတိုးလာတယ်လို့တောင် ဆိုကြပါ တယ်။
အခုလို ဒေသအတွင်းလူကုန်ကူးမှုလုပ်ငန်းကို ဘာလို့မထိန်းသိမ်းနိုင်တာလဲလို့ ဆိုတဲ့မေးခွန်းကို ကော့ဘဇာခရိုင် ရဲမှူးကြီးတစ်ဦးဖြစ်တဲ့ Mohammad Rafiqul Islam က ရဲတပ်ဖွဲ့ကလည်း လူကုန်ကူးသူတွေကို ဖမ်းမိဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် လူကုန်ကူးခံရသူတွေကိုယ်တိုင် သဘောတူကျေနပ်လို့ ပွဲစားတွေကို ပင်လယ်ကိုတောင်ဖြတ်ပြီး မလေးရှားသွားဖို့အတွက် ပိုက်ဆံပေးထားကြတာဆိုတော့ ကျွန်တော်တို့မှာ သူတို့ကိုကယ်ဆယ်ဖို့တော့အခက်တွေ့ရပါတယ် လို့ ပြောခဲ့ပါတယ်။
ဒီလို လူကုန်ကူးဂိုဏ်းတွေ၊ လူကုန်ကူးခံရပြီး အသက်စွန့်ကာ ပြည်ပသို့ထွက်ပြေးလိုသူ ဘင်္ဂါလီဒုက္ခသည်တွေနဲ့ ဒီလုပ်ငန်းက အမြတ်ထုတ်က ဝေစုရယူနေကြတဲ့ ARSA နဲ့ AA လိုလက်နက်ကိုင်အဖွဲ့တွေ တည်ရှိနေမှုနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ ဒုက္ခသည်တွေကိုလူကုန်ကူးလုပ်ငန်းက ပပျောက်ဖို့ တော်တော်ခက်ခဲလိမ့်မယ်လို့ သုံးသပ်လိုပါတယ်။
Ref- Dhaka Tribune