October 23, 2024

၈. ၁၂. ၂၀၂၂
Written by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိကျင်းပလျက်ရှိသော နိုင်ငံတကာ ရေတပ်သင်္ဘောများတွေ့ဆုံ ပွဲ(International Fleet Review) တွင် မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်ပိုင်တည်ဆောက်ထားသည့် ကျန်စစ်သား ဖရီးဂိတ်စစ်သင်္ဘောလည်း ပါဝင်ဆင်နွှဲလျက်ရှိသည်။

ဒီဇင်ဘာ ၇ ရက်က နိုင်ငံတကာရေတပ်သင်္ဘောများတွေ့ဆုံပွဲ အခမ်းအနားသို့ ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ဟာစီနာ အား နိုင်ငံတကာရေတပ်သင်္ဘောများက တန်းစီ၍ ချီတက်နှုတ်ဆက်ကြရာတွင် ရှေးဦးစွာ အိမ်ရှင်နိုင်ငံမှ စစ်သင်္ဘောသုံးစီးနှင့် အိန္ဒိယနိုင်ငံမှ F-58 ဖရီးဂိတ်စစ်သင်္ဘောတို့က ချီတက်နှုတ်ဆက်ကြပြီးနောက် မြန်မာ့တပ်မတော်(ရေ) မှ F-12 ကျန်စစ်သားဖရီးဂိတ်စစ်ရေယာဉ်က ချီတက်ခဲ့ရာ မြန်မာ့စစ်သင်္ဘောချီတက်နေစဉ် ဝန်ကြီးချုပ်က ၎င်း၏ဘေးရှိ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်(ရေ) အား စိတ်ဝင်စားစွာမေးမြန်းနေမှုကို သတင်း ဓာတ်ပုံများနှင့် ဗီဒီယိုများ၌ ထင်ရှားစွာတွေ့ကြရသည်။

ကျန်စစ်သား စစ်ရေယာဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ ဒုံးပျံတင်ကိုယ်ပျောက်ဖရီးဂိတ် စစ်သင်္ဘောတစ်စီးဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် တပ်တော်ဝင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ဟာစီနာအား နိုင်ငံတကာရေတပ်သင်္ဘောများက တန်းစီ၍ ချီတက်နှုတ်ဆက်ကြရာတွင် အမေရိကန်၊ တရုတ်၊ တူရကီ၊ ယူနိုက်တတ်ကင်းဒမ်း၊ ဂျာမနီ၊ အီတလီ စသည့် နိုင်ငံကြီးများ၏ စစ်သင်္ဘောများအရင် မြန်မာ့စစ်သင်္ဘော ချီတက်ရခြင်းနှင့် မြန်မာ့တပ်မတော်ထုတ်လုပ်သည့် ကျန်စစ်သားစစ်ရေယာဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်က စိတ်ဝင်တစားဖြစ်နေမှုအပေါ် ဂုဏ်ယူမှုများလည်း လူမှုကွန်ရက်တွင် ပျံ့နှံနေသည်။

အမေရိကန်၊ ရုရှား၊ တရုတ်စသည့် နိုင်ငံများအရင် မြန်မာ့စစ်ရေယာဉ်က Senior ဖြစ်ခဲ့ခြင်းနှင့် မြန်မာ့စစ်ရေယာဉ်နှင့် အမေရိကန်အပါအဝင်စစ်ရေယာဉ်များ ပူးတွဲလေ့ကျင့်ခြင်းအပေါ် Tun Tun Win အမည်ဖြင့် Facebook သုံးစွဲသူက “အခုဘင်္ဂလားဒေ့နိုင်ငံ ကော့ဘဇားမှာကျင်းပပြုလုပ်နေကြတဲ့ International Fleet Review 2022 မှာ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင်နိုင်ငံပေါင်းများစွာက စစ်သင်္ဘောတွေ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်နေကြတယ်ဆိုတာ မြန်မာရေတပ်ဖရီးဂိတ်သင်္ဘော ကျန်စစ်သား F-12က CO ကို အမေရိကန်တို့ ထိုင်းတို့ရဲ့ CO တွေထက် စောပြီး စီနီယာထားကာ ဟာစီနာကိုမိတ်ဆက်ခိုင်းတာ။ ကျန်စစ်သား F-12 ကဟာစီနာကို ဂုဏ်ပြုချီတက်ဖြတ်မောင်းပြတဲ့အချိန် ဘင်္ဂလားရေတပ်ဦးစီးချုပ် အလုပ်ရှုပ်ပြီး ကတ်တလောက်စာအုပ်ယူ ဟာစီနာကိုရှင်းပြ။ ဟာစီနာကလည်း ဒါ မြန်မာဆောက်တာဟုတ်ရဲ့လား ဆိုတဲ့ပုံစံမျိုးမျက်နှာအမူအယာပြ။ နောက်က ကြော်ငြာပေးနေသူကလည်း ကျန်စစ်သားဆိုတာ ဘယ်ခေတ်ကဘုရင်ဖြစ်ကြောင်းနဲ့ တပ်ဆင်ထားတဲ့ အမြောက်အမျိုးအစားတွေ ဒုံးပျံတွေကိုပါရှင်းပြနဲ့ ကျန်စစ်သားက ဘင်္ဂလားမှာပွဲထွက်လှပနေတယ်ဆိုတာ” စသည်ဖြင့် ရေးသားထားမှုမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံနေသည်ကို တွေ့ရသည်။

အဆိုပါ နိုင်ငံတကာရေတပ်သင်္ဘောများတွေ့ဆုံပွဲတွင် အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်း၊ ဂျာမနီ၊ အီတလီ၊ ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ တူရကီနှင့် နယ်သာလန်နိုင်ငံများအပါအဝင် နိုင်ငံ ၂၈ နိုင်ငံမှ ရေတပ်နှင့် ရေကြောင်းသွားလာရေးအဖွဲ့များက ပါဝင်တက်ရောက်လျက်ရှိကြသည်။

Ref—-Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *