October 20, 2024

၁၄. ၃. ၂၀၂၄
Written by Nyein Kyaw

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌားန်ထားပြီးဖြစ်သည့်အတွက် မွေးသက္ကရာဇ်များ တရားမဝင် ပြင်ဆင်မှုများ လုပ်ဆောင်နိုင်သည့်အတွက် မှတ်ပုံတင်စမတ်ကတ် (e-ID) များတွင် Typing Error ဖြစ်သည့် အမည်များကွဲလွဲမှုကို ချက်ချင်းပြင်ဆင်ပေးသော်လည်း မွေးသက္ကရာဇ်ပြင်ဆင်မှုကို ရုံးချုပ်သို့ တင်ပြပြီးမှသာ ‌ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ပြန်လည်ဖြေကြားထားသည်။

မှတ်ပုံတင်စမတ်ကတ် (e-ID)များ ပြုလုပ်ပေးရာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အဘအမည်၊ မွေးရက်၊ မွေးလ၊ ခုနှစ်များ တစ်ခုမဟုတ်တစ်ခု အမှားများ ပါရှိနေ၍ Passport ပြုလုပ်ချိန်တွင် အခက်အခဲကြုံတွေ့ရကြောင်း၊ ထိုကဲ့သို့ မဖြစ်အောင် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ရန် ရှိ/မရှိအား မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မှတ်ပုံတင်စမတ်ကတ် (e-ID) အချက်အလက်များ ကွဲလွဲမှုများသည် ကာယကံရှင်ကိုယ်တိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပြန်လည်ပြင်ဆင်ခြင်းမျိုးရှိသကဲ့သို့ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သည့် ရုံးလက်ခံမှတ်တမ်းများသည် Paper-based ကို အခြေခံသည့် လက်ရေးမူများဖြစ်သည့်အတွက် e-ID Database အတွင်းသို့ ထည့်သွင်းချိန်တွင် စာရွက်စာတမ်းများသည် နှစ်ကာလကြာမြင့်နေသည့်အတွက် မထင်မရှားဖြစ်ခြင်းများ၊ ပျက်စီးနေခြင်းများ ရှိနေခဲ့သဖြင့် အမှားအယွင်းနည်းငယ်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

“ဒါကြောင့် အချက်အလက် ကွဲလွဲနေတယ်ဆိုရင် ချက်ချင်းပြင်ဆင်လို့ရအောင် ဥပမာ Typing Error ကြောင့်ဖြစ်တဲ့ အမည်၊ အဘအမည် စတဲ့အချက်အလက်တွေ ကွဲလွဲတာမျိုးဆိုရင် ချက်ချင်းပြင်ဆင်မှုတွေ လုပ်ပေးတာရှိသလို၊ ရုံးလက်ခံမှတ်တမ်းနဲ့ ကွဲလွဲနေတာဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်ရုံးတွေကို ချိတ်ဆက်ပြီးတော့ ပြင်ဆင်မှုတွေလုပ်ပေးပါတယ်။ ယခုအခါမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက် ဥပဒေအရ အကျုံးဝင်တဲ့ အသက်ကန့်သတ်ချက်နဲ့ ပတ်သက်ပြီးတော့ မွေးသက္ကရာဇ်ပြင်ဆင်မှုတွေ တရားမဝင်လုပ်ဆောင်တာမျိုးတွေ ရှိလာနိုင်တဲ့အတွက် မွေးသက္ကရာဇ်ပြင်ဆင်ခွင့်ကိုတော့ ရုံးချုပ်ကို တင်ပြပြီးမှသာ ဆောင်ရွက်ပေးပါတယ်” ဟု ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

ဆက်သွယ်မှုဆိုင်ရာ အခက်အခဲများရှိသည့် အချို့မြို့နယ်များအတွက် လုပ်ငန်းနှောင့်နှေး ကြန့်ကြာနေမှုများ မဖြစ်စေရန်အလို့ငှာ ရုံးချုပ်တွင် “အချက်အလက်စိစစ် ပြင်ဆင်ရေးအဖွဲ့” ဖွဲ့စည်းပြီး သက်ဆိုင်ရာမြို့နယ်ကိုယ်စား တစ်ခါတည်း ပြင်ဆင်မှုများ လုပ်ပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားမည့်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ရုံးများတွင် UID (အရပ်အခေါ် စမတ်ကတ်) နံပါတ်ရယူပြီးမှသာ နိုင်ငံကူးလက်မှတ် လျှောက်ထားရန်လိုအပ်ပြီး သို့မှသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရောက်မှ အချက်အလက်လွဲယူရန် အခက်အခဲဖြစ်ပေါ်ခြင်းမျိုးများ ကင်းဝေးစေမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

Photo- e-ID Department

Leave a Reply

Your email address will not be published. Required fields are marked *