October 20, 2024

၁၄ .၃ .၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ဧရာဝဏ် လမ်းမကြီးပေါ်မှာ မနေ့က မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီကျော် အချိန်က လမ်းဖြတ်ကူးလာတဲ့ သားအမိနှစ်ဦးကို ယာဥ်တစ်စီးက ဖြတ်တိုက်မိပြီး တစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ် ။

ယာဥ်တိုက်မှုဖြစ်စဥ်​မှာ လမ်းဖြတ်ကူးသူကို တိုက်မိတဲ့ တိုယိုတာ ပရိုဘောက်အမျိုးအစားယာဥ်မှာ ဆီဘောက်ဆာ ကားကို ထပ်မံတိုက်မိပြီး ကားအောက် ဝင်သွားတာကြောင့် ယာဥ်ပေါ်ပါ သုံးဦးအနက် အမျိုးသားနှစ်ဦး စိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ပြီး လမ်းဖြတ်ကူးရင်း အတိုက်ခံရသူ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးက နေရာတင်သေဆုံးခဲ့ကာ အသက် ၁၂ နှစ်အရွယ် ကလေးမှာလည်း ပေါက်ပြဲသွေးထွက် ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါ တာဝန်ရှိသူက “သေဆုံးတဲ့ အမျိုးသမီးက ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက်ကပါ။ ပရိုဘောက်က ဆီဘောက်ဆာ ကားအောက်ဝင်သွားတာမို့ ကားပေါ်ပါ ၃ ဦးစလုံး ပြင်းထန်ဒဏ်ရာနဲ့ အခြားအသင်းက သယ်ဆောင်ပြီး ဆေးရုံပို့ပေးခဲ့တယ်။ သေဆုံးသူအမျိုးသမီးရဲ့ ကလေးလည်း အရေးပေါ်ပို့ဆောင်ရတယ်။ ကျွန်မတို့အသင်းကတော့ ရုပ်အလောင်းကောက်ယူသယ်ဆောင်ပြီး မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

ယာဥ်တိုက်မှု ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ဆက်လက် ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *