၁၄. ၃. ၂၀၂၄
Written by Hey Mar
ကွန်တိန်နာယာဥ်နဲ့ အငှားယာဥ်တစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာက အငှားယာဉ်မောင်း နေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဉ် မတ်လ ၁၃ ရက်နေ့ ည ၉နာရီကျော်က ဒဂုံမြို့သစ်အရှေ့ပိုင်းအပိုင် အမှတ်(၂)လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးပေါ်မှာ မနေ့က မတ်(၁၃)ရက်နေ့ ည(၉)နာရီကျော်ခန့်ကဖြစ်ပွားခဲ့ပြီး၊ လမ်းကြောင်းမှန်အတိုင်းမောင်နှင်လာတဲ့ တက္ကစီ Probox ခဲရောင်ယာဉ်ကို တစ်ဖက်ယာဉ်ကြောကနေ ရှေ့ကားကိုကျော်တက်မောင်းနှင်လာတဲ့ ကွန်တိန်နာယာဉ်က မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် တက္ကစီမှာ ဆိုးဆိုးရွားပျက်စီးခဲ့ပြီး၊ ယာဉ်မောင်းဖြစ်သူ အသက် ၃၈ နှစ်အရွယ်အမျိုးသား နေရာတင်သေဆုံးခဲ့တာပါ။
အဆိုပါဖြစ်စဉ်ကို မြေပြင်အကူအညီသွားရောက်ခဲ့သူ ရှင်သန်ခွင့်လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကျွန်မတို့ အသင်းရောက်သွားတော့ ည ၁၀ နာရီဝန်းကျင်လောက်ပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရော၊ မီးသတ်တွေရော ရောက်ရှိကူညီနေကြပါတယ်။ သေဆုံးသူက ၁၀၆ ရပ်ကွက်၊ တောင်ဒဂုံကပါ။ မိသားစုနဲ့လည်း ဆက်သွယ်ကူညီပေးခဲ့ပါတယ်။ သေဆုံးသူက တိုက်မိတဲ့အရှိန်နဲ့ ကားထဲမှာ ညပ်နေတာမို့ အတော်ကို ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရပြီး ကျွန်မတို့ အသင်းကားနဲ့ပဲ သယ်ဆောင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှင်သန်ခွင့် လူမှုကူညီရေးအသင်းယာဥ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်ကို နယ်မြေခံရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။