၁၄. ၃. ၂၀၂၄
Written by Pan Ei
ထိုင်းနိုင်ငံ နာခွန်စီသမ်မာရတ် ဘုရားကျောင်း အနောက်ဘက်က စွန့်ပစ်ထားတဲ့ရေကန်ထဲမှာ မြန်မာအမျိုးသမီးတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သံသယရှိသူ အဆိုပါ အမျိုးသမီးရဲ့ ရည်းစားဟောင်းကို ဒီနေ့အထိ အပူတပြင်း ရှာဖွေနေလျက်ရှိပါတယ်။
အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသမီး သူဇာအောင် (ခေါ် ) Nong Sa ဟာ TikTok ဆယ်လီတစ်ဦးဖြစ်ပြီး နာခွန်စီသမ်မာရတ်မြို့မှာရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သူမပျောက်ပြီး တစ်ပတ်အကြာ မတ်လ ၁၁ ရက်မှာမှ လည်ပင်းမှာ ဓားဒဏ်ရာ ၁ ချက်၊ ရင်ဘတ်မှာ ၂ ချက်နဲ့ စုစုပေါင်းဓားဒဏ်ရာသုံးချက်နဲ့ သူမ ရုပ်အလောင်းကို စွန့်ပစ်ရေကန်ထဲမှာ တွေ့ရှိခဲ့တာပါ။
ကယ်ဆယ်ရေး လုပ်သားတွေက ဖောင်းပွနေတဲ့ သူမရဲ့ အလောင်းကို ၅ မီတာအနက်ရှိတဲ့ ရေကန်ကနေ ဆယ်ဖို့ နှစ်နာရီခွဲကျော်ကြာ ရုန်းကန်ခဲ့ရပြီး ရုပ်အလောင်းကို ပြန်လည်တွေ့ရှိပြီးနောက် မှုခင်းဆေးပညာ ကျွမ်းကျင်သူတွေနဲ့ ဆရာဝန်တွေက သက်သေအထောက်အထားတွေကို သေသေချာချာ စုဆောင်းကာ စေ့စေ့စပ်စပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်စုံစမ်းမှုတွေအရ သူမ ပျောက်သွားတဲ့နေ့မှာ သူမရဲ့လက်တွဲဖော်ဟောင်း အသက် ၂၇ နှစ်အရွယ် Pitthaya Bunyatsak (ခေါ်) နိုင်း ဆိုသူဟာ သူမပိုင်တဲ့ ဆိုင်ကယ်ကို စီးနင်းလာတာကို စီစီတီဗီမှတ်တမ်းတွေထဲမှာ တွေ့ရပြီး သူမရဲ့ ရွှေဆွဲကြိုးကိုလည်း ခိုးလာခဲ့ကာ ရွှေဆိုင်မှာ သွားရောင်းခဲ့ပါတယ်။ အဲ့ဒီနောက် နိုင်းက ဆိုင်ကယ်ကို သူမရဲ့အိမ်ရှေ့မှာ ပြန်ထားခဲ့သလို ဆိုင်ကယ်ကယ်ရီငှားခဲ့ကာ ကားဂိတ်ကို သွားခဲ့ပြီး ဖူးခက်ကို အများသူငှာ သယ်ယူပို့ဆောင်ရေးနဲ့ သွားခဲ့တယ်လို့ သိရပါတယ်။
သူဇာအောင် ရဲ့ သူငယ်ချင်းတွေ ပြောကြားချက်အရ နိုင်းဟာ မကြာသေးမီက သူမကို ဘတ်ငွေ ၁၀၀၀၀၀ ချေးဖို့ တောင်းဆိုခဲ့ဖူးပြီး သူတို့နှစ်ဦးသားလမ်းခွဲခဲ့ချိန်မှာတော့ သူမက ပိုက်ဆံပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ နိုင်းက မပေးခဲ့ဘူးလို့ သိရပါတယ်။
မှုခင်းဖြစ်ပွားပြီးနောက် ဖူးခက်ကို ထွက်ပြေးသွားတယ်လို့ ယူဆရတဲ့ နိုင်းကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့က အရှိန်မြှင့်လုပ်ဆောင်လျက်ရှိတယ်လို့လညိး သိရပါတယ်။
TikTok ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ သူဇာအောင် (ခေါ် ) Nong Sa ဟာ ဒေသတွင်း ကော်ဖီဆိုင်မှာ လုပ်ကိုင်ခဲ့တဲ့အပြင် ဟွိုင်ဘရခ်ဈေးမှာ လတ်လတ်ဆတ်ဆတ်ကြက်သားတွေ ရောင်းချခြင်းနဲ့လည်း သူမရဲ့ ဝင်ငွေကို ဖြည့်တင်းခဲ့ကာ သူမဟာ ရွှင်လန်းဖော်ရွေပြီး အမြဲတောက်ပတဲ့ စိတ်ထားရှိတဲ့သူလို့ သိတဲ့သူတွေက သူမကို အမှတ်ရကြပါတယ်။
Ref; The Thaiger, Bangkok Post