၁၄. ၃. ၂၀၂၄
Written by Pan Ei
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်အနီး သွန်ဖာဖွန်ခရိုင်အတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အလုပ်ရှာဖွေခဲ့တဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ထိုင်းတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံ ကာကွယ်ရေး စေတနာ့ဝန်ထမ်းတွေက မြန်မာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၅ ဦးကို တာခနွန်မြို့ မူး ၂ ရွာအနီးက တောအုပ်အတွင်းမှာ မနေ့က မနက် ၈ နာရီခန့်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေမှာ ခရီးသွားစာရွက်စာတမ်းတွေ မပါရှိသလို သဘာဝတောလမ်းကြောင်းတွေကို အသုံးပြုပြီး တရားမဝင် ဝင်ရောက်လာကာ သူတို့ဟာ ပင်ပန်းနွမ်းနယ်နေပုံရတယ်လို့ အရာရှိတွေက ပြောပါတယ်။
ရွာသူကြီး ဆွမ်ပွန် ခမန်ခပ်ကန် ဦးဆောင်တဲ့ ကင်းလှည့်အဖွဲ့က ထရပ်ကားတစ်စီး ဖြတ်ကျော်ဝင်ရောက်လာတယ်လို့ အစောပိုင်းမှာ သတင်းပို့ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။
စစ်ဆေးမေးမြန်းမှုတွေအရ ရွှေ့ပြောင်းအလုပ်သမားတွေက အလုပ်ရမယ်လို့ ကတိပြုထားတဲ့ အလုပ်ရှာဖွေပေးသူတွေကို တစ်ဦးစီ ဘတ် ၁၃,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးခဲ့ရတယ်လို့ သိရပြီး သူတို့ဟာ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ကာ သူတို့ရဲ့ အလုပ်နေရာတွေဆီ ပို့ပေးတာကို စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားသူ အားလုံးကို တရားဥပဒေအရ အရေးယူဖို့ တုံဖုံရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref; Bangkok Post