၈. ၁၂. ၂၀၂၂
Written by Ye Kyaw
လက်ရှိအချိန်တွင် မော်တော်ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်အထိ လိုင်စင်ထုတ်ပေးထားပြီး ဆယ်စုနှစ်ကာလအတွင်း ယာဥ်အစီးရေ သုံးဆကျော်တိုးတက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မော်တော်ယာဥ်များ၊ ယာဥ်မောင်းလိုင်စင်များကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှစတင်ပြီး နိုင်ငံတော်က မော်တော်ယာဥ် တင်သွင်းမှုဆိုင်ရာမူဝါဒကို ဖြေလျှော့ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မော်တော်ယာဥ်တင်သွင်းမှုများနှင့် ကားအရောင်းပြခန်းများလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။
“၂၀၁၁ ခုနှစ်တွင် ယာဥ်စီးရေ ၂ ဒသမ ၃ သန်းကျော်သာ ရှိခဲ့ရာမှ လက်ရှိ ၂၀၂၂ ခုနှစ်တွင် ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ထိ ဆယ်စုနှစ်ကာလအတွင်း သုံးဆကျော် တိုးတက်မှတ်ပုံတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
ကုန်းလမ်းပို့ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အဓိကလုပ်ငန်းများတွင် IT နည်းပညာအသုံပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် QR Code ဖတ်ရှုနိုင်သည့် Smart Card ယာဥ်မောင်းလိုင်စင်များ၊ ယာဥ်နံပါတ်ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည့်အတွက် IT နည်းပညာသုံးဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်၏ မူဝါဒ၊ မျှော်မှန်းချက်နှင့်အညီ ကောင်းစွာ လိုက်နာအကေင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။