၁၃. ၃. ၂၀၂၄
Written by Hey Mar
ရန်ကုန်မြို့လယ်ကိုပတ်ပြီးမောင်းနှင်တဲ့ YBS ၅၈ မြို့ပတ်ဘတ်စ်ကားပေါ်မှာ ခရီးသည်တစ်ဦးထံက ဖုန်းလုယက်မှုမှာပါဝင်တဲ့သူတစ်ဦးကို ဒီနေ့ မတ်လ ၁၃ ရက် ည ၈ နာရီ ၂၀ မိနစ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မနေ့က မတ်လ ၁၂ ရက် နေ့လယ် ၃ နာရီ ၃၄ မိနစ်ခန့်မှာ သီတာဆိပ်မှတ်တိုင်အရောက် YUPT ကုမ္ပဏီစီမံမှုအောက်က YBS 58 ယာဥ်အမှတ် 9P-8757 ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးထံကနေ ဖုန်းလုယက်မှုဖြစ်ပွားပြီး ယာဥ်ပေါ်ပါခရီးသည်တွေကို အထိတ်တလန့် ဖြစ်စေခဲ့တာကြောင့် ဖြစ်စဥ်မှာ ပါဝင် ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် YUPT ကုမ္ပဏီက အချိန်နဲ့တစ်ပြေးညီ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဥ်မှာ ကားပေါ်တက် အော်ဟစ်ကာ ဖုန်းလုယက်ပြီး ခရီးသည်တွေကို အထိတ်တလန့်ဖြစ်စေခဲ့သူ အောင်သူကို လမ်းမတော်မြို့နယ်၊ (၄) လမ်းထိပ်မှာ ဖမ်းဆီးရရှိခဲ့ပြီး အမှုမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ တရားခံတွေကို ဆက်လက် ဖမ်းဆီးရမိနိုင်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ YUPT ကုမ္ပဏီ တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ YUTP ကုမ္ပဏီမှ တာဝန်ရှိသူတွေက MT News ကို ပြောပါတယ်။