၁၃. ၃. ၂၀၂၄
Written by Phyo Wei
အမျိုးသမီးချင်း ချစ်ကြိုက်နေလို ဝက်လက် PDF တပ်စိတ်မှူးငပြည့်ကို ပြန်မကြိုက်တဲ့အမျိုးသမီးငယ် မယုမွန်ထက်ကို မိဘနဲ့ လူအများရှေ့ သေနတ်နဲ့ပစ်သတ်လိုက်တဲ့ ဝက်လက် PDF တပ်စိတ်မှူးငပြည့်ကို အရေးယူပေးဖို့ NUG ထံ မိခင် ဒေါ်စန်းစန်းယုက တိုင်ကြားလိုက်ပေမဲ့လည်း အရင်တုန်းက PDF တွေ ကျုးလွန်မှု NUG အရေးမယူနိုင်တဲ့ဖြစ်စဉ်ပဲ ထပ်မြင်ခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာ အိန္ဒိယကလည်း သူ့နိုင်ငံထဲဝင်လာတဲ့ မြန်မာစစ်ဘေးရှောင်တွေကို ပြည်နှင်ဒဏ်ပေးတဲ့ဖြစ်စဉ်တွေ ဖြစ်လာခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးမဂ္ဂဇင်း CEOWORLD ရဲ့ ၂၀၂၄ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာချက်အရ အရှေ့တောင်အာရှမှာ ပျော်ရွှင်မှု အနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ ထူးခြားဖြစ်ရပ်တွေအဖြစ်လည်း မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးတာ၊ အစိုးရကန့်သတ်ချုပ်ချယ်ခြင်း ကျဆင်းမှုနဲ့အတူ နောက်ဆုံးရ Pew ဘာသာရေးကန့်သတ်မှုအညွှန်းကိန်းမှာ မြန်မာနိုင်ငံက ပိုမိုကောင်းမွန်တဲ့ရမှတ်တွေ ရရှိလာတယ်လို့ အမေရိကန်အခြေစိုက်အဖွဲ့က ပြောလာတာ၊ အကြမ်းဖက်သမားတွေ သတ်ဖြတ်ထားတာက အပြစ်မဲ့ပြည်သူ ၇၀၀၀ ရှိလာနေပြီလို့ မြန်မာအစိုးရက ကုလသမဂ္ဂကို တုံ့ပြန်လာတာ စတဲ့ဖြစ်စဉ်တွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ စစ်ကိုင်းမှာ ဆက်ကြေးကောက်နေတဲ့ PDF တွေ ဆက်မကောက်ဖို့ တားမြစ်တဲ့အကြောင်း၊ KIA က ဦးဆောင်ပြီး 0307 Operation စတင်လာတဲ့အကြောင်းနဲ့ မြန်မာကို မြောက်ကိုရီးယားလိုမဖြစ်ဖို့ နျူကလီးယားစီမံကိန်းကို ကန့်သတ်စေလိုတဲ့အသွင် ရေးသားနေမှုတွေကို သုံးသပ်ချင်ပါတယ်။
◾ ဆက်ကြေးကောက် PDF တွေ ဆက်မလုပ်ဖို့တားမြစ်လာတဲ့ စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ၂၀၂၃ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စာအမှတ် ၊ ဝ၁၄/ခရ ပအဖ -စကခရ) နဲ့ စစ်ကိုင်းခရိုင်အတွင်း လမ်းပေါ်တက်ပြီး အခွန်ကောက်တာ ၊ အလှူခံတာ မပြုလုပ်ဖို့ PDF တွေ LPDF တွေကို တားမြစ် အသိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုတားမြစ်ထားပေမဲ့လည်း စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းခရိုင် ၊ စစ်ကိုင်းအတွင်းက စစ်ကိုင်း -ရွှေဘိုလမ်း ၊ စစ်ကိုင်း- မုံရွာလမ်း ၊ ခရိုင်ချင်းဆက်လမ်းတွေပေါ်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန ခွင့်ပြုချက်၊ မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ပေးချက်မရှိဘဲ တရားမဝင် ငွေကြေးကောက်ခံတာ၊ လမ်းပေါ်တက်အလှူခံတာ ပြုလုပ်နေတဲ့ PDF ၊ LPDF အဖွဲ့အစည်းတွေရှိနေလို့ ပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်စေတာကို ကြားသိနေရတယ်လို့ စစ်ကိုင်းမြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။ ဒါကြောင့် စစ်ကိုင်းမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးရဲ့ ထုတ်ပြန်စာကို ရည်ညွှန်းပြီး မြို့နယ်အတွင်းက လမ်းတွေပေါ် တရားမဝင် ငွေကြေးကောက်ခံနေတဲ့ဂိတ်တွေ အလှူခံနေတဲ့ အဖွဲ့အစည်းတွေက မတ်လ ၁၆ ရက် နောက်ဆုံးထား ရုပ်သိမ်းဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ ပြောလာတာကို တွေ့ရပါတယ်။
ဒီနေရာမှာ PDF တွေ ဆက်ကြေးတောင်းတာက ဂိတ်ကြေး၊ ဖြတ်သန်းကြေး ၅၀၀၊ ၁၀၀၀ မကဘဲ အခွန်သဘောမျိုး ပစ္စည်းပေါ်မူတည်ပြီး တောင်းတာပါ။ ဥပမာအားဖြင့် ဆန်အိတ် ၅၀၀ လောက်တင်လာရင် ၅ သိန်း၊ ၁၀ သိန်းတောင်းလိုက်တာမျိုး၊ ကုန်ကားတစ်စီး သိန်းဆယ်ချီတောင်းတာမျိုးကို NUG တံဆိပ်တွေနဲ့ကို ဆက်ကြေးတောင်းနေတာဖြစ်ပြီး PDF ထိန်းချုပ်ရာ ဒေသတိုင်းမှာလိုလို ဆက်ကြေးအလွန်အကျွံတောင်းခံမှု ဖြစ်နေတာပါ။ ဒီလိုမျိုး ဆက်ကြေးအလွန်အကျွံတောင်းခံမှုက PDF တွေဘက်မှာ အဆင်ပြေပေမဲ့လည်း လုပ်ငန်းရှင်တွေကတော့ ဒီလိုမျိုးပေးရတဲ့ဆက်ကြေးကို ကုန်စည်အပေါ်အရင်းမှာ ထပ်ပေါင်းပြီး အမြတ်တင်တာကြောင့်လည်း ပြည်တွင်းကုန်စျေးနှုန်းကြီးရခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါ။
ဒီနေရာမှာ PDF တွေကို ဆက်ကြေးကောက်တာ၊ အလှူခံတာ မလုပ်ရဘူးလို့ တားမြစ်လာပေမဲ့လည်း NUG ကိုယ်တိုင်ကလည်း PDF တွေကို ထောက်ပံ့နိုင်တာမဟုတ်ဘဲ ပြည်ပမှာ သူတို့မိသားစုဘ၀ နေထိုင်ရပ်တည်ဖို့ အိမ်ဝယ်တာတွေ၊ မိသားစုစားဝတ်နေရေးပဲ သုံးနေချိန်မှာ ဒီလိုမျိုး အလုပ်မလုပ်တဲ့ လူငယ် PDF ထောင်သောင်းချီက ဝင်ငွေမရှိဘဲ ဘယ်လိုရပ်တည်မလဲဆိုတာ တွေးစရာပါ။ အလှူလည်းမခံရ၊ ဆက်ကြေးလည်းမကောက်ရ၊ NUG ကလည်း မထောက်ပံ့ရင် သူတို့က လုမှယက်မှစားရမလား၊ ဒါမှမဟုတ် PDF တွေက ဒလန်လို့ သတ်မှတ်သူတွေကို အုပ်စုဖွဲ့သတ်ဖြတ်ပြီးရင် ပိုင်ဆိုင်မှုတွေကို တော်လှန်ရေးသုံးဖို့ဆိုပြီး သိမ်းယူတာမျိုးလို အရင်လုပ်ထုံးလုပ်နည်းအတိုင်းရှာဖွေစားသောက်ကြမှာလား တွေးစရာလည်းဖြစ်နေသလို ဆက်ပြီးတော့ ဆက်ကြေးကောက်နေရင်ရော NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဘာလုပ်နိုင်မှာမို့လို့လဲ မေးစရာလည်းဖြစ်နေပါသေးတယ်။
◾ KIA စတင်တဲ့ 0307 Operation
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ တရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်းတွေ လာရောက်လုပ်ကိုင်နေတဲ့ ကျားဖြန့်ကိုအကြောင်းပြပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ တပ်စခန်းရာချီသိမ်းယူခဲ့သလို မြို့ပေါင်း ၃၀ လောက်လည်း သိမ်းယူထားနိုင်တဲ့အခြေအနေအပြီး ဒီလိုမျိုးသိမ်းယူထားတဲ့မြို့တွေကို အုပ်ချုပ်ဖို့ ကြိုးပမ်းလာချိန်မှာ KIA ဦးဆောင်ပြီးတော့လည်း ၀၃၀၇ စစ်ဆင်ရေးကို စတင်လာတာ တွေ့ရပါတယ်။ KIA က စတင်တယ်ဆိုပေမဲ့လည်း သူ့နောက်မှာတော့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ ညှိနှိုင်းမရဖြစ်နေတဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စု ထောက်ပံ့ခံ NUG နဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်းက လက်နက်ကိုင်တွေ (K3C) PDF တွေကလည်း KIA ရဲ့ ၀၃၀၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့အသွင် မြင်ရပါတယ်။
ဒီစစ်ဆင်ရေးရဲ့ သဘောသဘာ၀ကတော့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို အားကျလို့ မြောက်ပိုင်းသုံးဖွဲ့လို့ မြို့တွေ သိမ်းနိုင်မလားဆိုပြီး လုပ်တဲ့အခြေအနေကိုလည်း မြင်ရပြန်ပါသေးတယ်။ ဒီနေရာမှာ NUG နဲ့ K3C ဟာ နိုင်ငံ့အာဏာကို တပ်မတော်ရယူထိန်းသိမ်းတဲ့ကာလ သုံးနှစ်ပြည့်မြောက်မှုနဲ့ပတ်သက်ပြီး ဘုံသဘောထားရပ်တည်ချက်ကို ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့နဲ့ အခြားတိုင်းရင်းသားတွေ မပါဘဲ တပ်မတော်နဲ့ ညှိနှိုင်းဖို့နဲ့ NUG ကပဲ တစ်သက်တာအာဏာဆုပ်ကိုင်နိုင်မဲ့အချက်တွေကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး မြောက်ပိုင်းသုံးဖွဲ့နဲ့ တခြားတိုင်းရင်းသားတွေမပါဘဲ ဘုံသဘောတူညီချက်ထုတ်ခဲ့တဲ့ NUG နဲ့ K3C ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒေသတည်ငြိမ်ပြီး ညှိနှိုင်းနေကြတာတွေ မြင်လာမှ ပထဝီနိုင်ငံရေးမှာ နောက်ကောက်ချခံရတာကို သဘောပေါက်ပြီး ၀၃၀၇ စစ်ဆင်ရေးကို စတင်လိုက်တဲ့သဘောပါ။ ဒီ စစ်ဆင်ရေးက ၁၀၂၇ စစ်ဆင်ရေးလိုအောင်မြင်ဖို့ မလွယ်ပေမဲ့ လတ်တလောမှာတော့ စစ်စခန်းတွေသိမ်းထားတယ်ပြောလာကြသလို ဘယ်လောက်အထိ အကျိုးအမြတ်ရမလဲဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။
◾ မြန်မာကို မြောက်ကိုရီးယားလိုမဖြစ်ဖို့ ထုတ်ပြောလာတဲ့ နျူကလီးယားစီမံကိန်း
အမေရိကန်ဖမ်းဆီးထားတဲ့ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် တာကီရှီအီဘီဆာဝါကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ယောက်က ယူရေနီယံ မက်ထရစ်တန် ၅ တန်ကို ဒေါ်လာ ၆ သန်းနဲ့ ရောင်းချခိုင်းရာက အီဘီဆာဝါဟာ အီရန်ကဗိုလ်ချုပ်ဟန်ဆောင် အမေရိကန် DEA အရာရှိကို ဆက်သွယ်မိပြီး သူရောင်းချမဲ့ နျူကလီးယားပစ္စည်းတွေက နျူလက်နက်ထုတ်ဖို့ဆို ပလူတိုနီယံအထိ ရမယ်လို့ ပြောခဲ့သလို အက်ဘီဆာဝါကို ဖမ်းမိအပြီး သူရောင်းချတဲ့ နျူကလီးယားကုန်ပစ္စည်းတွေကို စမ်းသပ်ချိန်မှာ ယူရေနီယမ်၊ သိုရီယမ်နဲ့ ပလူတိုနီယမ်တို ပါ၀င်ကြောင်း အတည်ပြုခဲ့သလို အဆင့်မြင့်နျူလက်နက်ထုတ်နိုင်တဲ့အထိ အဆင့်ရှိတဲ့ ပစ္စည်းတွေလည်း ပါဝင်နေတာကို တွေ့ရှိခဲ့ချိန်မှာ အမေရိကန်အပါအဝင် အနောက်အုပ်စုက မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက်ပိုင်သွားမှာကြောက်တဲ့ အကြောက်တရားပြန်လည်စိုးမိုးလာပြီး မြောက်ကိုရီးယားလိုဖြစ်လာမှာ စိုးထိတ်လာကြပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ ရုရှားရဲ့အကူအညီနဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုဖို့အတွက် လုပ်ဆောင်နေသလို နျူကလီးယားက စွမ်းအင်ထုတ်ဖို့လည်း ကြိုးပမ်းနေတာပါ။ ဒါ့အပြင် နစကအစိုးရက မြောက်ကိုရီးယားနဲ့ဆက်ဆံရေးရှိနေတာကြောင့်လည်း ပူပန်စိတ်တိုးလာချိန်မှာ မြောက်ကိုရီးယားကိုယ်တိုင်ကလည်း ဆိုဗီယက်အကူအညီနဲ့ ဆောက်ပေးတဲ့ သုတေသနဓာတ်ပေါင်းဖိုကိုအခြေပြုပြီး မြောက်ကိုရီးယားက နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့အဆင့်အထိရောက်လာတာကြောင့်လည်း ဒီလိုဖြစ်စဥ်တွေကို သုံးသပ်ပြီး စိတ်ပူနေချိန် တိုင်းရင်းသားလက်နက်ကိုင်တွေကတောင် နျူကလီးယားကို နျူလက်နက်ထုတ်နိုင်တဲ့အဆင့်ရှိပလူတိုနီယမ်တွေ ပိုင်ဆိုင်ထားတယ်သိရချိန်မှာ မြန်မာနိုင်ငံရဲ့ နျူကလီးယားကို ငြိမ်းချမ်းစွာအသုံးချရေးအစီအစဥ်ကို တားမြစ်ဖို့ ကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်တောင် နျူကလီးယားစွမ်းအင်သုံးပြီး လျှပ်စစ်ထုတ်နိုင်တော့မဲ့အချိန်မှာ မြန်မာနိုင်ငံကတော့ နျူကလီးယားကနေ စွမ်းအင်ထုတ်နိုင်ဖို့ဓာတ်ပေါင်းဖိုအသေးလေးကိုတောင် နောက်ငါးနှစ်လောက်ကြာမှ မြင်ရမဲ့အခြေအနေပါ။ ဒီလိုအခြေအနေမှာ မြောက်ကိုရီးယားလို နျူလက်နက်ပိုင်သွားမှာစိုးလို့ မြန်မာ့နျူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေးအကောင်အထည်မပေါ်အောင် တားဆီးကြမဲ့အခြေအနေကိုလည်း ကြိုတင်တွေးဆကာကွယ်ဖို့လိုအပ်မှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။