၁၃.၃.၂၀၂၄
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ဆံတော်ရှင် မော်တင်စွန်းစေတီအနီးရှိ ကမ်းခြေတွင် မတ် ၁၂ ရက် နံနက်ပိုင်းက ငါးဖမ်းပိုက်နဲ့အတူ ပါလာသော လင်းပိုက်အုပ်လိုက်ကို ဖမ်းမိတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါလင်းပိုင်များမှာ အကောင်ငယ်များနှင့်အတူ အကောင်ကြီးများလည်း ပါဝင်ပြီး အကောင်ရေ ၁၀ ကောင်ခန့်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“လင်းပိုင်တွေက ရှားပါးမျိုးစိတ်ဝင်တွေပါ။ ဒါကိုတတ်နိုင်သလောက်တော့ ထိန်းသိမ်းကာကွယ်သင့်တယ်။ အများပြည်သူကိုလည်း အသိပညာပေးဖို့လိုပါတယ်။ အရင်ကတော့ ဒီလိုတစ်ခါမှ မဖမ်းမိဖူးဘူး”ဟု ဟိုင်းကြီးကျွန်းဒေသခံတစ်ဦးက ပြောသည်။
လင်းပိုင်များတွေ့ရှိမှုကို လူအများက လာရောက်ကြည့်ရှုကြပြီး ဒေသခံရေလုပ်သားများနှင့် အာဏာပိုင်များက ရေနက်ပိုင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ဟိုတယ်မော်တင်ရှေ့ကိုလည်း မျက်စိလည်ပြီး သုံးကောင်ရောက်လာလို့ ပြန်လွှတ်ပေးလိုက်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးတွင် မတ်လ ၁၀ ရက်မှ ၂၄ ရက်အထိ ၁၅ ရက်ကြာ ဗုဒ္ဓပူဇနိယဘုရား ပွဲတော် ကျင်းပနေပြီး ဘုရားဖူးခရီးသည်များနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။