၁၃.၃.၂၀၂၄.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတွင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရန့် နှစ်ဦးစလုံးက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပသွားမည့် သမ္မတရွေးကောက်ပွဲအတွက် ၎င်းတို့ပါတီများ၏ ရွေးကောက်ပွဲယှဉ်ပြိုင်မည့်သမ္မတလောင်းများအဖြစ် သတ်မှတ်ခံရရန်လိုအပ်သော အဆိုပြုရွေးချယ်ခန့်ထားသူအရေအတွက်ကို သက်ဆိုင်ရာပါတီများ၏ မဲပေးရွေးချယ်ပွဲများ၌ မတ်လ ၁၂ ရက်က ကျော်လွန်သွားခဲ့ကြပြီဖြစ်ရာ ၎င်းတို့နှစ်ဦး လာမည့်သမ္မတရွေးကောက်ပွဲ၌ ထိပ်တိုက်ယှဉ်ပြိုင်ကြရန် သေချာသွားပြီဖြစ်သည်။
မတ်လ ၁၂ ရက်က ရီပတ်ဘလစ်ကန်ပါတီနှင့် ဒီမိုကရက်ပါတီတို့၏ သမ္မတလောင်းများအဖြစ် အဆိုပြုရန် မဲပေးရွေးချယ်ပွဲများကို ဂျော်ဂျီယာပြည်နယ်၊ မစ္စစ္စပီပြည်နယ်နှင့် ဝါရှင်တန်ပြည်နယ်တို့တွင် ပြုလုပ်ခဲ့ကြရာ၌ ၎င်းတို့နှစ်ဦးစလုံးကပင် လိုအပ်သောထောက်ခံမဲအရေအတွက်ကို ရှေ့ဆင့်နောက်ဆင့်ပင် ရရှိခဲ့ကြခြင်းဖြစ်သည်။
ဒေါ်နယ်ထရန့်အနေနှင့် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် အဆိုပြုခံရရန် ပါတီတွင်းမဲပေးရွေးချယ်ပွဲများတွင် ထောက်ခံမဲ ၁,၂၁၅ ဦးရရှိရန် လိုအပ်သည်။ မတ်လ ၁၂ ရက် က ပြုလုပ်သော ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းမဲပေးရွေးချယ်ပွဲများ၌ ထရန့်ကပင် ဆက်လက်အနိုင်ရကာ စုစုပေါင်းထောက်ခံသူမဲအရေအတွက် ၁,၂၂၈ ဦးအထိရရှိကာ ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်း အဖြစ်အဆိုပြုခံခဲ့ရခြင်းဖြစ်သည်။
အလားတူပင် ဂျိုးဘိုင်ဒန်ကလည်း မတ်လ ၁၂ ရက်တွင် ကျင်းပခဲ့သော ဒီမိုကရက်ပါတီ၏ သမ္မတလောင်း မဲပေးရွေးချယ်ပွဲများ၌ အနိုင်ရကာ စုစုပေါင်းထောက်ခံမဲ ၂,၀၉၉ မဲဖြင့် ပါတီ၏ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် သမ္မတလောင်းဖြစ်လာခဲ့သည်။ ဒီမိုကရက်ပါတီတွင် သမ္မတလောင်းအဖြစ်အဆိုပြုခံရရန် ပါတီတွင်းမဲပေးရွေးချယ်ပွဲများ၌ ထောက်ခံမဲ ၁,၉၆၈ ဦးသာလို အပ်သည်။
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ၎င်းတို့နှစ်ဦးက ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင်လည်း တွေ့ဆုံခဲ့ကြသေးရာ ယခုအချိန်က ဒုတိယမြောက်တွေ့ဆုံယှဉ်ပြိုင်မှုလည်းဖြစ်သည်။.
သမ္မတလောင်းနှစ်ဦးအပေါ် ပြည်သူတို့အကြားလူကြိုက်များမှုအား အမေရိကန်ပြည်ထောင်စုမှ Morning Consult စီးပွား ရေးအသိပညာကုမ္ပဏီက ကြိုတင်ဆန္ဒမဲရယူ၍ စစ်တမ်းကောက်ယူလျက်ရှိရာတွင် မတ်လ ၁၁ ရက်အထိ ထရန့်အား အမေရိကန်ပြည်သူတို့၏ ၄၄ ရာခိုင်နှုန်းက လူကြိုက်များ ထောက်ခံကာ ဂျိုးဘိုင်ဒန်အပေါ် ၄၃ ရာခိုင်နှုန်းကထောက်ခံနေသဖြင့် လာမည့်သမ္မတရွေးကောက်ပွဲက အကြိတ်အနယ်ရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။
Ref- CNN