၁၃. ၃. ၂၀၂၄
Written by Nyein Kyaw
ကျိုင်းတုံမြို့တွင် အလုပ်ရမည်ဟုဆိုကာ အမျိုးသမီးငယ် ၃ ဦးအား တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားသူ ၃ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ အောင်မြတ်သူ (ခ)အောင်အောင် (ခ) ကတုံး၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ ဒေါ်သန်းသန်းအေးနှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ ဒေါ်မအေးတို့က ငပုတောမြို့နယ်နေ မ —၊ ၁၆/၂၀၂၃ နှစ်၊ နေပြည်တော်နေ မ —၊ ၁၉/၂၀၂၃ နှစ်နှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ မ— ၊ ၂၀/၂၀၂၃ နှစ်တို့ကို ကျိုင်းတုံမြို့တွင် အလုပ်ရရှိမည်၊ မြန်မာငွေ ကျပ်သိန်း ၃၀ ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်း (ပ) ၁၈၀/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ – ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၁၁ ရက်တွင် တရားခံ အောင်မြတ်သူ (ခ) အောင်အောင် (ခ) ကတုံး၊ သန်းသန်းအေးနှင့် မအေးတို့ သုံးဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရလည်းကောင်း အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။